Skip to main content

အရေးကြီးဆုံးအမျိုးသားရေးတာဝန်ထမ်းဆောင်

အမျိုးသားရေးဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည်။ ဆိုလိုရင်းအချက်မှာ မိမိတိုင်းပြည် ကောင်းစားရေးဖြစ်သည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို နိုင်ငံတော်အစိုးရက အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်အဖြစ်ချမှတ်၍ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်နေသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံကြီးငယ်အများစုသည် ၎င်းတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံတွင်လည်းအများ ပြည်သူထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် လျက်ရှိသည်။ ထိုသို့အကောင်အထည်ဖော်နေသော်လည်း ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် အနောက်နိုင်ငံကြီးအချို့က လက်မခံဆန့်ကျင်နှောင့်ယှက် နေခြင်းအကြောင်းရင်းကို လေ့လာသိရှိထားမှသာ ဒီမိုကရေစီသဘော သရုပ် အမှန်ကို သိရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “မိမိတို့အနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းလျက်ရှိပြီး တိုင်းပြည်ကောင်းအောင်အတွက် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အချို့ပြည်ပနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအပေါ်တွင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းနှင့် ဝင်ရောက်စွက်ဖက်မှုများကို ယခင်ကလည်း ပြုလုပ်ခဲ့သကဲ့သို့ ယခုအချိန်အထိလည်း ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း” ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်သမိုင်းနှင့်ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲက အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ ၂၀၁၀ ပြည့်နှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြု၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လက်ခံခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်လာသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံ့တာဝန်ရယူပြီး ဒီမိုကရေစီစနစ် ပြန်လည် တည့်မတ်ပေးနေမှုကို အသိအမှတ်မပြုသည်မှာ ရှေ့နောက်မညီသည့်စနစ် ကျင့်သုံး ခြင်းသာဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံများအားလုံးနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် ရှိသော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ်တွင် အစဉ်အဆက် ရန်ဘက်သဖွယ်သဘောထားလျက်ရှိသည်မှာ ကြီးမားသော နောက်ခံအကြောင်းတရားများ ရှိနေသည်ကို လေ့လာကြည့်လျှင် တွေ့ရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ မစားရသည့်အမဲ သဲနှင့်ပက်သကဲ့သို့ ရန်ပြုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးသဘောအရ မြန်မာနိုင်ငံ၏ မိတ်ဆွေအိမ်နီးချင်း တရုတ်နိုင်ငံကြီးကို ထိန်းချုပ်နိုင်ရေး ရည်မှန်းချက်ကို အမေရိကန် ဦးဆောင်သော အုပ်စုများက ကျင့်သုံးနေခြင်းလည်း ပါဝင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိ ရေးအတွက် တစိုက်မတ်မတ် ကြံစည်အားထုတ်နေခြင်းဖြစ်သည်။ ၎င်းတို့ အလိုဆန္ဒအတိုင်း ဖြစ်မလာသည့်အခါ မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင်၊ မတည်ငြိမ်အောင်၊ ပျက်ပြားအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။ ဒီမိုကရေစီကို တန်ဖိုးထားသည်၊ အကြမ်းဖက်မှုကို ဆန့်ကျင်သည်ဆိုသော်လည်း အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် ကူညီနေသည်။ ထို့အပြင်သမိုင်းအစဉ်အလာအရ ရင်းနှီးချစ်ခင်ခဲ့သော မိတ်ဆွေနိုင်ငံ အချို့သည်လည်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ဘဲ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး ပိတ်ဆို့မှုများ ပြုလုပ်ပေးခဲ့ရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက်တွင် နိုင်ငံရေးကိစ္စများ၌ သတိကြီးကြီးထား ဆောင်ရွက်ခဲ့ရပြီး မျက်မှောက်ကာလတွင်လည်း အမျိုးသားရေးထက် အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရက နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူဆောင် ရွက်နေချိန်တွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်မှုများတွင် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။    ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)