နေပြည်တော် အောက်တိုဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးကဇာတ်ရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆဋ္ဌမမြောက်နေ့ ပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အကအဖွဲ့များက ဒေသအလိုက် သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် အကအလှများ၊ သရုပ်ဖော်များဖြင့် ကကြိုးကကွက်စုံလင်စွာဖြင့် ကပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါသနာရှင်(ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်တီးခတ်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ကျွမ်းကျင်ပိုင်နိုင်စွာယှဉ်ပြိုင်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲ၌ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး သီချင်းဖြစ်သည့် “မြန်မာ့စိတ်ရင်း၊ မြန်မာရှုခင်း” တေးသီချင်းကို အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည့် ဆိုင်းတစ်ဦးချင်း ဝါသနာရှင် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲ ယှဉ်ပြိုင်တီးခတ်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်