Skip to main content

ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်ရေး အင်အားတောင့်တင်းခိုင်မာအောင် တည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော လုပ်ငန်းစဉ်လည်း ပါဝင်သည်။ ဤသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်လည်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ နိုင်ငံရေးပါတီများက ဆက်လက် မှတ်ပုံတင်ခွင့်နှင့် ပါတီတည်ထောင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံရေးပါတီများသည် နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံးတစ်သိန်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံးတစ်ထောင်ကို မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းကြရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကိုလည်း ဖွင့်လှစ်ကြရမည်ဖြစ်သည်။ သတ်မှတ်ကာလများအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေကို ပြည့်မီအောင် မစည်းရုံးနိုင်ခြင်း၊ ရုံးခန်းများ မဖွင့်လှစ်နိုင်ခြင်းစသည်ဖြင့် မိမိတို့ပါတီကို ခိုင်မာအောင်၊ အားကောင်းအောင် မတည်ဆောက်နိုင်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်သည့်အလျောက် လက်ရှိကာလတွင် ဆောင်ရွက်ပြီးအခြေအနေတွင် ရှိနေကြရတော့မည် ဖြစ်သည်။

ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ နိုင်ငံရေးပါတီများ၏ ဥက္ကဋ္ဌ များ၊ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံမှုများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံ‌ရေးပါတီများ ထူထောင်မှုများနှင့်စပ်လျဉ်း၍ စိစစ်မှုများကို ပြုလုပ်လျက်ရှိသည်။ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံပြီး နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် ပါဝင်ဆောင်ရွက်ကြရမည့်သူများဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများသည်လည်း ဥပဒေနှင့်ညီညွတ်ရန်၊ ခိုင်မာအားကောင်းရန် လိုအပ်မည်ဖြစ်သည်။

ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေချိန်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အလျောက် အလေးအနက်ထား ဆောင်ရွက်နေရခြင်းလည်း ဖြစ်သည်။ နိုင်ငံရေးပါတီများသည် ပြည်သူလူထုနှင့် ဒေသအကျိုး၊ နိုင်ငံတော်အကျိုးတို့ကို သယ်ပိုးကြရမည့် အဖွဲ့အစည်းများဖြစ်ကြရာ ပါတီကိုတောင့်တင်းခိုင်မာအောင် တည်ဆောက်ရင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့တွင်လည်း တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။ ။