Skip to main content

အွန်လိုင်းလိမ်လည်မှုများ သတိပြုရှောင်ရှား

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုများသာမက ဒုစရိုက်မှုများကိုပါ ထိရောက်စွာတိုက်ဖျက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပမှ ဝိသမလောဘသားများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများအား နယ်စပ်ဒေသအချို့၌သာမက ပြည်တွင်း၌ပါ ပြုလုပ်မှုများကို အရေးယူသည့်သတင်းများ တွေ့ရသည်။

ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများသည် အင်တာနက်နည်းပညာများ တိုးတက်လာသည်နှင့်အမျှ နည်းပညာထွန်းကားသည့် နိုင်ငံကြီးများသည်ပင် သားကောင်ဖြစ်လာကြသည်။ ဆက်သွယ်ရေးလိမ်လည်မှုတွင် အရေးအကြီးဆုံးအချက်သည် အလုပ်အကိုင်၊ ငွေကြေးဝန်ဆောင်မှုများနှင့်ပတ်သက်နေပြီး ထို့ထက်ပို၍ အဖျက်အမှောင့်လုပ်ငန်းများ ပါဝင်လာကြသည်။ ငွေကြေးများကို Virtual currency မှတစ်ဆင့် ငွေကြေးခဝါချသည့် ဝန်ဆောင်မှုများနှင့်အတူ နိုင်ငံအချို့တွင် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ရာဇဝတ်မှုဆိုင်ရာ ငွေကြေးခဝါချမှု စင်တာများ ရှိလာသည်။

မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ အွန်လိုင်းပေါ်၌ ကုန်ပစ္စည်းလိမ်လည်ရောင်းချမှုများ၊ အလုပ်အကိုင်ရရှိရေးကိစ္စများ၊ ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ လူကုန်ကူးမှုများရှိခဲ့သည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုများ ပြုလုပ်ခြင်းသည်လည်း ငွေကြေးလိမ်လည်မှုပင်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှုများသည် လောင်းကစားမှုကို အခြေခံ၍ဖြစ်ပေါ်ခဲ့သည်။ အွန်လိုင်းလောင်းကစားမှုများသည် ၂၀၂၁ အကုန် ၂၀၂၂ ခုနှစ်အကူးတွင် ပြည်ပမှ မြန်မာနိုင်ငံနယ်စပ်ဒေသအချို့သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော်အစိုးရက ခြေရာခံပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ခြေရာခံစုံစမ်းပြီး ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေတို့ဖြင့် အရေးယူခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှဝင်ရောက်လာသည့် လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ သာမက မြန်မာ့မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးကို ထိခိုက်စေမည့်လုပ်ငန်းများ၊ အဖျက်အမှောင့်လုပ်ငန်းများ၊ မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်လုပ်ငန်းများ၊ လိမ်လည်မှုအမျိုးမျိုးတို့ကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမည်ဖြစ်သည်။ အွန်လိုင်း လောင်းကစားလိမ်လည်မှုများနှင့် ပတ်သက်၍ မကြာသေးမီက မြန်မာနိုင်ငံအကြီးအကဲနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပေါ်နေသော အွန်လိုင်းလောင်းကစားလိမ်လည်မှုများကို အမြစ်ပြတ်အောင် လုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသည်။

အွန်လိုင်းလောင်းကစားလိမ်လည်မှုများသည် မြန်မာနိုင်ငံနယ်စပ် လွတ်မြောက်နယ်မြေအချို့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်သည်။ နှစ်နိုင်ငံအတွက် အွန်လိုင်းလောင်းကစားလိမ်လည်မှု ထက်ကြီးမားသော ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံမှ ဝန်ထမ်းများပတ်သက်ခြင်းမရှိဘဲ ပတ်သက်လျှင်လည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။ အမှန်တကယ်တွင် အွန်လိုင်းလိမ်လည်မှုဖြေရှင်းရေးသာမက တရားဥပဒေစိုးမိုးရေး ရရှိလာအောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးသည်။

မကြာသေးမီက ရန်ကုန်မြို့တွင်အခြေပြု၍ ပြည်ပနိုင်ငံသားများ၏ အချက်အလက်များကို ရှာဖွေရယူကာ တစ်ဖက်လိမ်လည်သူများထံ ရောင်းချခြင်းအမှုကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါအဖွဲ့သည် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးများ လိမ်လည်ရယူနိုင်ရန် ပစ်မှတ်များရှာဖွေရယူစုဆောင်းခြင်း၊ ရရှိသည့်ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များ ရယူရန်အတွက် အဖွဲ့များဖွဲ့ပြီး WhatsApp လူမှု ကွန်ရက်မှတစ်ဆင့် ပစ်မှတ်များထံဆက်သွယ်ပြီး ရရှိသည့်အချက်အလက်များကို ငွေကြေးလိမ်လည်သည့် အခြားအဖွဲ့များထံ ပြန်လည်ရောင်းချခဲ့သည်။

ပြည်သူများအနေဖြင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှ လိမ်လည်မှုများ၊ လောင်းကစားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ လုပ်ဆောင်ခြင်းများမရှိအောင် သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတို့၏သဘာဝအရ ငွေကြေးရလိုမှု၊ လိုချင်တပ်မက်မှုတို့သည် လိမ်ညာခြင်းခံရမည့် အကြောင်းတရားဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရှိထားရမည်ဖြစ်သည်။ မိမိတို့၏အလိုဆန္ဒများကို ဦးစားပေး၍ အွန်လိုင်းပေါ်မှ ဒုစရိုက်မှုများ၊ လိမ်လည်လှည့်စားလောင်းကစားမှုများကို သတိပြုရှောင်ရှားကြရမည်ဖြစ်သည်။

ကမ္ဘာတစ်ခွင် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားနေသည့်ကာလတွင် လူသားအကျိုးပြုဆက်သွယ်လုပ်ဆောင်မှုများ ရရှိနေမည်ဖြစ်သော်လည်း ဆင်ခြင်ဉာဏ်နှင့် သတိပြုလုပ်ဆောင်ကြရန် လိုအပ်သည်။ နည်းပညာများ ထွန်းကားနေသည်နှင့်အမျှ လိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ မကောင်းမှုများ ရှိနေဦးမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေနိုင်သည့် ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းပေါ်မှ လောင်းကစားမှု၊ ဒုစရိုက်မှုများကို နိုင်ငံတော်အစိုးရက ထိရောက်ပြတ်သားစွာ တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ရာ အွန်လိုင်းပေါ်မှ ဒုစရိုက်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုများကို ရှောင်ရှားကြရန် တိုက်တွန်းအပ်ပါကြောင်း။          ။