ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၃) ကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တာဝန်ရှိသူတစ်ဦးက (၈/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရန်ချိန်ထိုး သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့သို့ချီမည်ပန်းတိုင်ဆီဆိုသည့်အတိုင်း နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်၍ တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စေရန်အတွက် မရရအောင်လုပ်မည်ဆိုသည့် စိတ်မွေး၍ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ချင့်ချိန်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေးတာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck၊ Counter Check ဖြင့် စနစ်တကျဆောင်ရွက်ရန်၊ နေ့စဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို Check List များထား၍ ဆောင်ရွက်ရန်၊ မိမိတို့နှင့် နှီးနွှယ်နေသည့် လုပ်ငန်းရပ်များ အောင်မြင်စေရေး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြား ချက်များကို ဖတ်ကြားရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှူးက ပြည်ထောင်စုငွေလုံးငွေရင်းနှင့် တိုင်းဒေသကြီးငွေလုံးငွေရင်း ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးစီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှူးက စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစိုးရဌာနများမှ ဝန်ထမ်းအဆင့်ဆင့်သည် နိုင်ငံတော်ကြီး တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေ၊ မူဝါဒများနှင့်အညီ စနစ်တကျရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန် နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)
