Skip to main content

ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုး နိုင်ငံအဓွန့်ရှည်တည်တံ့ခိုင်မြဲ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာဖြင့် တစ်သားတည်းနေထိုင်လာခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ဆုံးရှုံးခဲ့ရသည့်လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဆင်နွှဲပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် လွတ်လပ်သော နိုင်ငံတော်ကို ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ဖော်ဆောင်ကျင့်သုံးခဲ့သည်။

ထို့နောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်မှုမရှိသဖြင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီး ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရပ်ဆိုင်းသွားခဲ့ပြီးနောက် ပြည်သူများ၏လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန် ကြိုးပမ်းတည်ဆောက်ခဲ့သည်။ အဆိုပါစနစ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အနာဂတ်နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သည့် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ၂၀၀၈ ခုနှစ်တွင် ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် မမှိတ်မသုန်စွဲမြဲစွာခံယူစောင့်ထိန်းသွားမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ်ဆောင်ရွက် ထိန်းသိမ်းသွားမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊ နိုင်ငံတော်တွင် လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုအခြေခံပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်အသက်ဝင်ကျင့်သုံးခဲ့ရာ အစိုးရသက်တမ်းနှစ်ဆက် ငါးနှစ်နှစ်ကြိမ် ၁၀ နှစ်ကို အောင်မြင်စွာကျင့်သုံးဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရေစီစနစ်ယိမ်းယိုင်ပျက်ပြားမှုကို ပြန်လည်တည့်မတ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်အကောင်အထည်ဖော်လျက်ရှိပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

ဆိုလိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် အသက်ဝိညာဉ်ပမာအရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တည်ဆောက်အကောင်အထည်ဖော်နေသမျှ ထိုနိုင်ငံသည် အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ စွမ်းအားတစ်ရပ်ဖြစ်ကြောင်းကို မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ ယနေ့ထက်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်အကောင်အထည် ဖော်နိုင်မှုများက ဖော်ပြနေသည်။ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ တည်ဆောက်အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါသည်။ လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အခြေခံ၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားပြည်သူများဆန္ဒနှင့် မျှော်လင့်ချက်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကို အလေးထားတည်ဆောက်နေသော်လည်း လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒများကို ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်နှောင့်ယှက်ဖျက်ဆီးနေကြသော်လည်း တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် သန္နိဋ္ဌာန်ချမှတ်ထားသည့် စွမ်းအားများဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီးကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတွင်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျင့်သုံးနေသော ဒီမိုကရေစီစနစ်သည် တိုင်းရင်းသားပြည်သူများအားလုံး၏ဆန္ဒမှ ပေါ်ထွန်းလာသော ခွန်အားများဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးအောင် နိုင်ငံတော်တွင် ကြိုးပမ်းဆောင်ရွက်နေသမျှကာလပတ်လုံး ပြည်ထောင်စုကြီးလည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံ (အယ်ဒီတာ့အာဘော်)