Skip to main content

စက်မှုကုန်ကြမ်းသီးနှံများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုးကို နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း စိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယင်းတို့တွင် စက်မှုကုန်ကြမ်းသီးနှံပင် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခု၌ ဧက ၁ ဒသမ ၆၄ သန်းစိုက်ပျိုးပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထုတ်လုပ်မှုတွင် ပြည်တွင်းသုံးစွဲနိုင်ရန်အတွက် တန်ချိန် နှစ်သောင်းကျော်ခန့်ထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ တန်ချိန်သုံးသိန်းခန့် တင်ပို့ရောင်းချလျက်ရှိသည်။ ရော်ဘာကို စက်မှုကုန်ကြမ်းသီးနှံအဖြစ် တစ်ကမ္ဘာလုံး အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးရိုးမတောင်တန်းဒေသတို့၌ ရော်ဘာစိုက်ပျိုးဖြစ်ထွန်းသော်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပေ။ ရှေးကာလက မြန်မာပြည်တွင် ရော်ဘာစိုက်ဧက တစ်သိန်းကျော်သာရှိပြီး စိုက်ဧက နှစ်ဆကျော် တိုးချဲ့စိုက်ပျိုးခဲ့သည်။ ယခုအခါ စိုက်ဧက တစ်သန်းကျော် တိုးချဲ့စိုက်ပျိုးနိုင်ပြီး လာမည့်နှစ်တွင် ရော်ဘာတန်ချိန် လေးသိန်းခန့် လျာထားဆောင်ရွက်လျက်ရှိသည်။

ရော်ဘာပင်သည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့် စက်မှုသီးနှံပင်ဖြစ်သည်။   ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ရော်ဘာတင်ပို့မှုမှ တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၅၀ အကြားရရှိခဲ့သည်။ ထို့ကြောင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးတွင် အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမည်များ၌ ရော်ဘာကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။ သို့ဖြစ်ရာ ရော်ဘာပင် စတင်စိုက်ပျိုးထုတ်လုပ်သည်မှ မှိုင်းခံရော်ဘာပြားများ ထုတ်လုပ်ခြင်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများမှ ကုန်ချောများထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်သည်။

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု သမိုင်းကြောင်းတွင် အထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှု အားနည်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ လက်ရှိရော်ဘာအထွက်နှုန်းသည် တစ်ဧကပျမ်းမျှ ပေါင် ၇၀၀ ခန့်သာ ထွက်ရှိသဖြင့် အထွက်နှုန်းလျော့နည်းနေသည်။ ဒေသအလိုက်  ထောက်ခံထားသည့်မျိုးများအနက် တစ်ဧကလျှင် ပေါင် ၁၃၅၀ ခန့် ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးပြီးစီးမှုမှာ စိုက်ဧကအားလုံး၏ ၂၆ ဒသမ ၈၃ ရာခိုင်နှုန်းခန့်သာ ရှိသေးသည့်အတွက် စိုက်ခင်းသစ်များ ဆက်လက်ထူထောင်စိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် ဖူးဆက်ပျိုးပင်များ သုံးစွဲစိုက်ပျိုးရေးကို အလေးပေး ဆောင်ရွက်ရန် လိုအပ်သည်။

မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ရော်ဘာတစ်ဧက အထွက်နှုန်းတိုးတက်ရုံတင်မက အရည်အသွေး ကောင်းမွန်စေရန်အတွက်လည်း ရော်ဘာအစေးခဲလုပ်ငန်းစဉ်၌ မှန်ကန်သည့် နည်းစနစ်ကျင့်သုံးရေး၊ မှန်ကန်သည့် ဓာတုပစ္စည်းများသုံးစွဲရေး ပညာပေးခြင်း၊ အရည်အသွေးအာမခံချက်ရှိသည့် ရော်ဘာများ ထုတ်လုပ်နိုင်ရေး ရော်ဘာတောင်သူအစုအဖွဲ့များ စုဖွဲ့လုပ်ဆောင်ခြင်း စသည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရော်ဘာ အရည်အသွေးနှင့် အဆင့်အတန်း အာမခံချက်ရှိမှသာလျှင် ဈေးကွက်ရရှိနိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ရော်ဘာစိုက်တောင်သူများအားလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း စသည်တို့ကြောင့် ပြည်ပမှ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ နှစ်စဉ်တင်သွင်းနေရခြင်းသည် နိုင်ငံအတွက် များစွာနစ်နာလှသည်။ သာဓကအားဖြင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုး တင်သွင်းနေရသည်။ ထို့ကြောင့် ပြည်တွင်း၌ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရေး၊ စီးပွားရေးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကုန်ကြမ်းသီးနှံပင်များကို အရည်အသွေးပြည့်မီစွာ တိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။                  ။

ကြေးမုံအယ်ဒီတာ့အာဘော်