နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်၊ လူသုံးကုန်များကို သွင်းကုန်အစားထိုး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှုများ တိုးတက်ဖြစ်ထွန်းလာမည်။ ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်လာလျှင် ဆက်စပ်နှီးနွှယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်းများ စီးဆင်းလည်ပတ်အားကောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်က အားပေးဆောင်ရွက်နေသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများထုတ်ပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကောင်းစွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော်လည်း ဒေသတွင်းနိုင်ငံများကြား၌ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP နည်းပါးနေသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့ကို အခြေခံသည့် MSME လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ကြိုးပမ်းဆောင်ရွက်ရာ၌ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားစေရန် ခေတ်မီနည်းပညာများ အသုံးပြုရန်လိုအပ်ပြီး ဈေးကွက်တွင်ကျယ် ကျယ်ပြန့်လာစေရန် သတင်းအချက်အလက်နှင့် နည်းပညာများကို အသုံးချတတ်ရန်လိုအပ်သည်။
MSME လုပ်ငန်းများအောင်မြင်စေရန် ထုတ်ကုန်များ ဈေးကွက်ရရှိရန်လိုအပ်သည်။ ထို့ကြောင့် ပြည်တွင်းသာမက ပြည်ပသို့ပါ ဈေးကွက်ချဲ့ထွင်စီးဆင်းရန် သတင်းအချက်အလက်များ ကျယ်ပြန့်စွာဖြန့်ဝေရန် လိုအပ်သည်။ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့ရန်လည်းလိုအပ်သည်။ အဆိုပါကိစ္စရပ်များကို နိုင်ငံတော်ကအချိန်ယူကာ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရာတွင် အစားအစာ၊ အထည်အလိပ်နှင့် အထည်ထုတ်ကုန်များ၊ သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် ထွက်ကုန်ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်းများ၊ ပရိဘောဂ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းကို ပထမဦးစားပေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
MSME လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၏ လေ့လာတွေ့ရှိချက်အရ ပတ်ဝန်းကျင်ကောင်းများနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အအုံများ လိုအပ်ချက်ရှိခြင်း၊ စွန့်ဦးတီထွင်လိုသူများအတွက် မဝံ့မရဲဖြစ်မှုများကို ဖြေလျှော့ပေးရန်လိုအပ်ခြင်း၊ ငွေကြေးအရင်းအနှီး၊ စရိတ်ကြီးမြင့်သည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ရိုးရာနည်းပညာများကို အသုံးပြုထုတ်လုပ်ခြင်း၊ သုတေသနပြုချက်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများတွင် အထောက်အပံ့အားနည်းခြင်းစသည်တို့ဖြစ်ပြီး အဆိုပါရလဒ်များကို အခြေခံ၍ ထုတ်ကုန်များကို ရောင်းတမ်းဝင်အဆင့်မြှင့်တင်နိုင်ရန်အတွက် ကန့်သတ်ချက်များနှင့် အဟန့်အတားများရှိနေသည်ကို တွေ့ရှိထားသည်။ ထို့ကြောင့် အရည်အသွေးရှိသည့် ရောင်းကုန်ပစ္စည်းများကို တွင်ကျယ်အောင် ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
မျက်မှောက်ကာလသည် ၂၁ ရာစု၏ ဒစ်ဂျစ်တယ်ခေတ်သို့ ရောက်ရှိနေသဖြင့် အဓိကလိုအပ်ချက်သည် သတင်းအချက်အလက်နှင့် နည်းပညာ- အိုင်တီခေတ်ဖြစ်နေသည်ကို သတိပြုရမည်ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးစနစ် E-Commerce ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလာကြသည်သာမက ကုန်ပစ္စည်းရောင်းဝယ်ရာတွင်လည်းကောင်း၊ ငွေပေးချေရာတွင်လည်းကောင်း ဒစ်ဂျစ်တယ်စနစ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ အင်တာနက်နှင့်ဆက်သွယ်ရေးလုပ်ငန်းများ တိုးတက်နေပြီဖြစ်၍ နိုင်ငံများအားလုံး MSME လုပ်ငန်းများနှင့် E-Commerce စနစ်များကို အသုံးပြုနေကြပြီဖြစ်သည်။
MSME လုပ်ငန်းထုတ်ကုန်များကို နိုင်ငံတကာအရည်အသွေးမီ ထုတ်လုပ်နိုင်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် MSME လုပ်ငန်းများနှင့် E-Commerce စနစ်များ ပိုမိုတွင်ကျယ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ MSME လုပ်ငန်းများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံ၏ GDP တိုးတက်မြင့်မားလာပြီး စီးပွားရေးအရှိန်အဟုန် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)