Skip to main content

အခွင့်အရေးအားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး

ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့” (World Children's Day) အဖြစ် ကျင်းပလျက်ရှိသည်။ ထိုနေ့သည် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ   ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Rights of the Child) တို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းတို့ကို ကိုယ်စားပြုထားခြင်းလည်းဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အရ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပုဒ်မ ၅၄ ချက် ပါရှိသော်လည်း အဓိကအကျဆုံးအခွင့်အရေး လေးရပ်မှာ (၁) အသက်ရှင်သန်ခွင့် (Survival)၊ (၂) ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ (၃) ကာကွယ်စောင့်ရှောက်မှုရရှိခွင့် (Protection)၊ (၄) ပါဝင်ဆောင်ရွက်ခွင့် (Partici-pation) တို့ဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ်တိုင်း အဆိုပါအခွင့်အရေးများကိုအပြည့်အဝခံစား ခွင့်ရရှိနိုင်အောင် အကောင်အထည်ဖော်ပေးရန်လိုသည်။ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ် (UNCRC) သည် ကလေးများ၏ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ဖွင့်ဆိုရှင်းလင်း၍ နိုင်ငံပေါင်း ၁၄၀ တို့က  လက်မှတ်ရေးထိုး သဘောတူညီထားကြခြင်းဖြစ်သည်။

အသက်အရွယ် အပိုင်းအခြားအရ အသက် ၁၈ နှစ် အောက်ရှိသူကို ကလေးဟူ၍ သတ်မှတ်ထားရာတွင် ရင်ခွင်ပိုက်လူမမည် အရွယ်မှသည် အရွယ်ရောက်သူများ၊ ဆယ်ကျော်သက်များပါဝင်နေပြီး အရွယ်အလိုက် အခွင့်အရေးများရရှိရန်လိုသည်။ မြန်မာနိုင်ငံတွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ရေး၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရေး၊ ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး၊  ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်းရရှိရေး၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့်  ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး၊ ပြစ်မှုကျူးလွန်သော က‌လေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေး၊ အခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမပြုရေးတို့ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်တိုင်းသည် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့် ရရှိစေရေးတို့အတွက် အခွင့်အရေးများရှိကြောင်း နိုင်ငံတော်က အသိအမှတ်ပြုထားပြီး ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေသည့်   ကလေးသူငယ်အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ဆက်စပ်ဌာနများနှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပူးပေါင်းစွမ်းဆောင်ကြရာတွင် ယခုနှစ်  ကမ္ဘာ့ကလေးများနေ့၏ ဆောင်ပုဒ်နှင့်အညီ ‘‘အခွင့်အရေးအားလုံးရရှိရေး၊ ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး” နိုင်ကြပါစေကြောင်း။       ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်