အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုသည် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့အထိ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာလှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ အန္တရာယ်ကို မီးမောင်းထိုးပြရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
ယနေ့ကမ္ဘာတွင် အမျိုးသမီးသုံးဦးလျှင် တစ်ဦးသည် ၎င်း၏ ဘဝတစ်သက်တာအတွင်း အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသားအချို့၏ အကြမ်းဖက်ခြင်းကိုခံရနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အမျိုးသမီးများရင်ဆိုင်ကြရသည့် အကြမ်းဖက်မှုများတွင် အိမ်တွင်းအကြမ်းဖက်မှု၊ ခင်ပွန်းသည်၏ အဓမ္မပြုကျင့်မှု၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာနေရာများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကာယိန္ဒြေပျက်စေမှု၊ နှောင့်ယှက်မှုစသည်ဖြင့် ပုံစံအမျိုးမျိုးရှိနိုင်ပြီး ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ၊ စီးပွားရေးအရ၊ လိင်ပိုင်းဆိုင်ရာအရ စသည်ဖြင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေသည်။ အမျိုးသမီးအပေါ် အကြမ်းဖက်မှုကျူးလွန်သူသည် မိသားစုဝင်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းခွင်မှ ရင်းနှီးသူတစ်ဦးဦးက ကျူးလွန်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံသစ်အဖြစ် အင်တာနက်အွန်လိုင်းအခြေပြု အကြမ်းဖက်မှုများလည်း ပေါ်ပေါက်လာသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် မိမိတို့နိုင်ငံတွင်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသည်။ အကြမ်းဖက်မှုခံစားရသူ အမျိုးသမီးများအနေဖြင့် မိသားစုဝင်များအပေါ် ငဲ့ညှာခြင်း၊ လူမှုရေးအရ အမည်းစက်ထင်ခံရမည်ဟု စိုးရွံ့ခြင်း၊ မိမိဘာသာရပ်တည်နိုင်စွမ်းမရှိခြင်း၊ မိမိတွင်လည်း အပြစ်ရှိသည်ဟု ခံယူခြင်း စသည်တို့အပါအဝင် အကြောင်းအမျိုးမျိုးတို့ကြောင့် လူသိရှင်ကြားထုတ်ဖော်ပြောကြားမှုမရှိသလို တရားမျှတမှုကို တောင်းဆိုခြင်းလည်းမရှိဘဲ တိမ်မြုပ်ပျောက်ကွယ်နေသည်ဟု ယူဆကြသည်။ ကိုဗစ်-၁၉ ကာလမတိုင်မီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ၏ ၂၁ ရာခိုင်နှုန်းသည် ၎င်းတို့၏ ဘဝတစ်လျှောက် အရင်းနှီးဆုံးအဖော်ဖြစ်သူ၏ အကြမ်းဖက်မှုပုံစံတစ်ခုခုကို တွေ့ကြုံခံစားဖူးကြပြီး ယင်းတို့အနက်မှ အနည်းငယ်မျှကသာ အကူအညီရယူခဲ့ကြသည်ဟု ဆိုသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်ခြင်းလည်းဖြစ်သည်။ အကြမ်းဖက်မှုကျူးလွန်ခံရသူကိုသာမက ၎င်း၏ မိသားစုအပေါ်တွင်လည်းကောင်း၊ လူ့အဖွဲ့အစည်းအပေါ်တွင်လည်းကောင်း ဆိုးရွားသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ အမျိုးသမီးများအပေါ် အိမ်တွင်း အိမ်ပြင် လုပ်ငန်းခွင် စသည့် နေရာအမျိုးမျိုး၌ ပုံစံအမျိုးမျိုးသော အကြမ်းဖက်မှုများ အဆုံးသတ်ပပျောက်သွားစေရန် အသိပညာပေးမှုများ၊ ဘက်ပေါင်းစုံမှ ဆွေးနွေးအဖြေရှာမှုများ၊ အကြမ်းဖက်မှုကို စက်ဆုပ်ရှုတ်ချသည့် ယဉ်ကျေးမှုနှုန်းစံ တည်ဆောက်မှုများဆောင်ရွက်ရာ၌ အမျိုးသားများက စိတ်ရောကိုယ်ပါ တက်ကြွစွာပါဝင်ဆောင်ရွက်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်မှုကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်နိုင်ပါရန် တိုက်တွန်းနှိုးဆော်လျက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုကို ဂုဏ်ပြု ကြိုဆိုအပ်ပါကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)