နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသများသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်း၊ ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး စုစုပေါင်း ၁၂၈၈ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် အချို့သောပြည်ပနိုင်ငံများမှ နိုင်ငံသားများသည် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင် လုပ်ကိုင်မှုများရှိနေကြောင်း သိရှိရသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများတွင် အိမ်နီးချင်းတရုတ်နိုင်ငံမှ နယ်စပ်ဒေသများမှတစ်ဆင့် အများဆုံးဝင်ရောက်ခဲ့ကြပြီး အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ခဲ့ကြသည်။ အဆိုပါအမှုများတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံသား အမျိုးသား ၅၆၁၂ ဦး၊ အမျိုးသမီး ၅၂၆ ဦး စုစုပေါင်း ၆၁၃၈ ဦးတို့ကို ဖော်ထုတ် ရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဥပဒေနှင့်အညီ စနစ်တကျပြန်လည် လွှဲပြောင်းပေးခဲ့သည်။
မြန်မာနိုင်ငံနယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများသည် အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အကြောင်းပြု၍ ရောက်ရှိလာကြခြင်းဖြစ်သည်။ အွန်လိုင်းပေါ်မှ လိမ်လည်မှုများသည် လောင်းကစားမှုများကိုအခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ရာ အွန်လိုင်းလောင်းကစားမှုများသည် ၂၀၂၁ ခုနှစ်အကုန် ၂၀၂၂ ခုနှစ် အကူးကာလတွင် မြန်မာနိုင်ငံ နယ်စပ်ဒေသအချို့တွင် ပေါ်ပေါက်လာခဲ့သည်။ များသောအားဖြင့် တရုတ်၊ ထိုင်း၊ လာအို၊ မလေးရှားစသည့်နိုင်ငံများမှ နိုင်ငံသား များ နယ်စပ်ဒေသမှ တရားမဝင်ဝင်ရောက်လာခဲ့သည်။
ထိုကာလမှစ၍ မြန်မာနိုင်ငံအစိုးရသည် တရားမဝင်ဝင်ရောက်မှုများကို ခြေရာခံပြီး စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့သည်။ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ထိုင်း၊ လာအို အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ မကြာသေးမီက မြန်မာနိုင်ငံအကြီးအကဲနှင့် တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပေါ်နေသော အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကို အမြစ်ပြတ်အောင် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ခဲ့ရာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ အွန်လိုင်းလောင်းကစားလိမ်လည်မှုများသည် မြန်မာနိုင်ငံနယ်စပ်ဒေသအချို့ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အကြား ဖြစ်ပေါ်နေသောပြဿနာဖြစ်သည်။
နှစ်နိုင်ငံအတွက် အွန်လိုင်းလိမ်လည်မှုများသည် နှစ်နိုင်ငံပုံရိပ်ကိုထိခိုက်စေသော ကြီးမားသည့်ပြဿနာဖြစ်သည်။ အမှန်တကယ်တွင် အွန်လိုင်းလိမ်လည်မှု ဖြေရှင်းရေးသာမက တရားဥပဒေစိုးမိုးရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာများမှတစ်ဆင့် အွန်လိုင်းလောင်းကစားမှုများကို ခြေရာခံစုံစမ်းပြီး ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေတို့ဖြင့် မြန်မာနိုင်ငံတွင် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရောက်ရှိလာသည့် လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများသာမက မြန်မာ့မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများကို ထိခိုက်စေနိုင်သောလုပ်ငန်းများ၊ အဖျက်အမှောင့်လုပ်ငန်းများ၊ မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိရေးလုပ်ငန်းများ၊ လိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ အကြမ်းဖက်မှုများကို ထိရောက်စွာတိုက်ဖျက်သွားမည်ဖြစ်သည်။
တရားမဝင်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများနှင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံဘက်မှ ပြန်လည်လွှဲပြောင်းပေးခြင်းရှိသကဲ့သို့ တရုတ်နိုင်ငံဘက်မှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးခြင်းများလည်းရှိသည်။ အဆိုပါမှုခင်းများသည် လူတစ်စု၏ ဥပဒေနှင့်မညီသည့် ဖောက်ဖျက်ကျူးလွန်သော အမှုများသာဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားလာသောခေတ်ကာလတွင် အွန်လိုင်းအသုံးပြုလိမ်လည်မှု၊ လောင်းကစားမှုနှင့် ဒုစရိုက်မှုများ ရှိနေဦးမည်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံပုံရိပ်ကို ထိခိုက်စေနိုင်သော အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည့်အပြင် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)