ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသည့် အချို့မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားမှု၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယာယီနေရပ်စွန့်ခွာကြရသူ၊ တိုက်ပွဲရှောင်ကြရသူများ အများအပြားရှိနေပြီး နီးစပ်ရာမြို့နယ်များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်မှုများ ပြုပေးနေကြရသည်။ တိမ်းရှောင်ကြရသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် မိသားစုများ၊ ဒေသခံများသာမက ရေကြည်ရာမြက်နုရာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြရသူများလည်း ပါဝင်ကြသည်။
ယာယီနေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင်ကြရခြင်းမှာ ပြည်သူများနေထိုင်ရာ မြို့ရွာများအနီး သို့မဟုတ် မြို့တွင်းရွာတွင်းသို့ တိုက်ခိုက်မှုများရောက်ရှိလာခြင်းကြောင့်သာမက လက်နက်ကိုင်သောင်းကျန်းသူတို့က မြို့ရွာနေပြည်သူလူထုကို ခြိမ်းခြောက်မောင်းနှင်ထုတ်ကြခြင်းကြောင့်လည်းဖြစ်သည်။ အချို့ဖြစ်စဉ်များတွင် တိုက်ပွဲရှောင် ပြည်သူလူထုအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း သတင်းများတွင်တွေ့ရသည်။ လမ်းတံတားများကို ဖျက်ဆီးဖြတ်တောက်ခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့အပါအဝင် အကြမ်းဖက်အဖျက်လုပ်ရပ်များဖြင့် တစ်နိုင်ငံလုံးကို အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်လျက်ရှိရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ပါ ခြိမ်းခြောက်နှောင့်ယှက် ဖျက်ဆီးခံကြရခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေမှာ လွတ်လပ်ရေးရပြီးကာလ ပြည်တွင်းရောင်စုံသောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တွေ့ကြုံရသည့် ဒုတိယမြောက်အနေ အထားဖြစ်သည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အပေါ် စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်ရသည့် အချိန်လည်းဖြစ်သည်။
ယင်းသို့သောအခြေအနေတွင် အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြုသည့် USIP ၏ သုတေသနစာတမ်းများကို အမှီပြု၍ အနောက်အုပ်စုမီဒီယာများ၏ ဝါဒဖြန့်မှုများက မြန်မာနိုင်ငံအရေးကို မီးလောင်ရာလေပင့်နေခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်တည်မှုနှင့် တည်ငြိမ်မှုကို ထိန်းညှိပေးနိုင်သည့် တစ်ခုတည်းသော အင်စတီကျူးရှင်းမှာ မြန်မာ့တပ်မတော်သာဖြစ်ပြီး မြန်မာ့တပ်မတော်ပြိုကွဲသွားပါက တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး ဒေသအနှံ့အပြားတွင် စစ်နယ်ရှင်(Warlords)များ ကြီးစိုးကာ တစ်တောတစ်ကြက်ဖ မင်းမူကြမည့်အခြေအနေ ဖြစ်ပေါ်လာမည်ဆိုသည့် အတွေးအခေါ်ကို ယင်းသို့မဖြစ်နိုင်ကြောင်း စောဒကတက်ခြင်းဖြစ်သည်။ တိုင်းပြည်ပြိုကွဲပျက်စီးမည့်အရေးကို စိုးရိမ်သည့် ပြည်သူလူထုတစ်ရပ်လုံးကို လိုရာဆွဲထားသည့် သုံးသပ်ချက်များဖြင့် ဆင်ခြေပေးထားခြင်းလည်း ဖြစ်သည်။ မြန်မာ့တပ်မတော်ကို ဘုံရန်သူအဖြစ် ဦးတည်တိုက်ခိုက်နေသော လက်ရှိအခြေအနေ၌ပင် ဦးဆောင်သူများစွာ၊ ဗိုလ်များစွာ အကွဲကွဲအပြာပြားဖြစ်နေသူတို့မှာ နိုင်ငံပြိုကွဲပါက စစ်ဘုရင်များ၊ ဓားပြဂိုဏ်းဆန်ဆန် အဖွဲ့အစည်းများဖြစ်မလာနိုင်ဟု ဝါဒဖြန့်ချိမှုများမှာ မြန်မာနိုင်ငံ၏ အခြေအနေကို ဆိုးသည်ထက်ဆိုးအောင်ပြုလုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။
မျက်မှောက်ကမ္ဘာတွင် နိုင်ငံ၏ဖြစ်တည်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်စွမ်းကင်းမဲ့သွားပြီး ပြိုကွဲလဲပြိုနေသည့် နိုင်ငံတို့ရှိနေသည်ကို တွေ့နိုင်သည်။ မိမိတို့ နိုင်ငံကိုလည်း ယင်းနိုင်ငံများကဲ့သို့ဖြစ်စေရန် ပြည်တွင်းပြည်ပ အဖျက်အင်အားစုများကအတွင်းအပြင် ပူးပေါင်း၍ လုပ်ကိုင်လျက်ရှိကြသည်။ ၎င်းတို့ လိုလားသကဲ့သို့ နိုင်ငံလဲပြိုခဲ့လျှင် ဖြစ်ပေါ်လာမည့် ဆိုးရွားသည့်အခြေအနေများကို ရင်ဆိုင်ခံစားကြရမည့်သူများမှာ မိမိတို့မြန်မာပြည်သူများပင်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးသည် မိမိတို့၏ လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းရေးနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ရာ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဆန့်ကျင်ခြင်း၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် အမျိုးသားရေးတာဝန်များ ကျေပွန်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)