Skip to main content

အားနည်းသူများအပေါ် စာနာထောက်ထား

အားနည်းသူများအပေါ် အလေးထားဖေးမကူညီခြင်းသည် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လူသားအချင်းချင်း စာနာထောက်ထားသည့် ကောင်းမြတ်သောအမှုပင်ဖြစ်သည်။ အားနည်းသူဆိုသည်မှာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ဆင်းရဲနွမ်းပါးသူနှင့် မသန်စွမ်းသူ စသည့်ခံစားထိခိုက်လွယ်သော လူအုပ်စုများဖြစ်သည်။ ယင်းတို့တွင် အမျိုးသမီးများမှာ ကာယအားဖြင့်လည်းကောင်း၊ ရပ်တည်နေထိုင်မှုအားဖြင့်လည်းကောင်း လိုအပ်ချက်များရှိသဖြင့် အားနည်းသောအုပ်စုတွင် ထည့်သွင်းထားသည်။

သာမန်အားဖြင့်ကြည့်လျှင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရပ်တည်နိုင်သည်ဟု ထင်မြင်ရသော်လည်း ကမ္ဘာတစ်ဝန်းလုံးအနေဖြင့် အမျိုးသမီးသုံးဦးလျှင် တစ်ဦးမှာအကြမ်ဖက်ခံနေရသည်ဟု ကုလသမဂ္ဂကမှတ်ချက်ပြုထားသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်းဆိုင်ရာအကြမ်းဖက်မှု စသည့်အသွင်သဏ္ဌာန်မျိုးစုံဖြင့် တွေ့မြင်နိုင်သည်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှု၊ ခြိမ်းခြောက်မှု၊ ကာယိန္ဒြေနှောင့်ယှက်မှုနှင့် လူကုန်ကူးခံရမှုများမှာ ထင်ရှားသည်။

အမျိုးသမီးများအနေဖြင့် ထိုသို့အကြမ်းဖက်မှု ခံရနိုင်ခြေများရှိသဖြင့် နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်နေ့အခမ်းအနားများကို နိုင်ငံများ၌ လူထုလှုပ်ရှားမှုအသွင်အမျိုးမျိုးဖြင့်ဆောင်ရွက်ကာ အသိပေးလှုံ့ဆော်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နှင့် တစ်ဆက်တည်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသည်ကို သတိပြုမိသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များသာမက ကျား၊ မအခြေပြု အကြမ်းဖက်မှုကိစ္စရပ်များကိုပါ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသမီးရေးရာကော်မတီအဆင့်ဆင့်မှလည်း အမျိုးသမီးများအပေါ် နည်းလမ်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ ဥပဒေကြောင်းအရ ပိုမိုအကာအကွယ်ပေးနိုင်ရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာတို့၏ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအရ ကျား၊ မမခွဲခြားဘဲ တန်းတူရည်တူရှိပြီး အားနည်းသူများအပေါ်တွင် မေတ္တာတရားဖြင့် အလေးထားဆက်ဆံကြသည်။ သို့သော် လူမှုဘဝနယ်ပယ်တွင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပြီး ယင်းဖြစ်စဉ်များကို လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုအဖြစ် ရှုမြင်မှုအားနည်းနေသည်။ အမျိုးသမီးများအနေဖြင့်လည်း အရှက်အကြောက်တရားကြောင့် ဥပဒေနှင့်အညီ ပြန်လည်တုံ့ပြန်နိုင်မှုတွင်လည်း အားနည်းနေသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ဖြစ်ပေါ်သည့် ပဋိပက္ခများတွင် အမျိုးသမီးများမှာ ပို၍ထိခိုက်လွယ်သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးနိုင်ပါက နိုင်ငံသားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးရာရောက်သည်။ အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစုအသိုင်းအဝိုင်းအတွင်း ဖြစ်ပေါ်တတ်သဖြင့် အခြားထက်ပိုမိုများပြားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အသက်(၁၅)နှစ်မှ (၄၉)နှစ်ကြား အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ၏ ၂၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် အရင်းနှီးဆုံးအဖော်ဖြစ်သူ(ခင်ပွန်း)၏ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို ကြုံတွေ့ခံစားခဲ့ရဖူးပြီး များသောအားဖြင့် မည်သည့်အကူအညီ ကယ်တင်မှုတစ်ခုမျှ မရရှိခဲ့ကြဟုသိရသည်။ အမျိုးသမီးအိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍ ကာယကံရှင်များအနေဖြင့် ထုတ်ဖော်ပြောဆိုရန် မလွယ်ကူကြသည်ကိုတွေ့ရသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများကို ဖြစ်စေနိုင်ပြီး အချို့အမျိုးသမီးငယ်များမှာ အဆိုးရွားဆုံးအခြေအနေများတွင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုပုံစံအမျိုးမျိုးမှ ကင်းဝေးနိုင်အောင် နိုင်ငံတော်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်နေသော်လည်း လက်တွေ့တွင်အမျိုးသမီးများ၏ မိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်းများကိုယ်တိုင် အလေးထားလုပ်ဆောင်ခြင်းသည် အရေးကြီးသည့်အချက်ဖြစ်၍ အမျိုးသမီးများနှင့်မိန်းကလေးငယ်များနှင့်အတူ အမျိုးသားများနှင့် ယောက်ျားလေးများ အတူတကွပူးပေါင်းပါဝင်လုပ်ဆောင်မှသာ အားနည်းသူအပေါ် စာနာထောက်ထား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။    ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)