Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့် ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

မီးပုံးပျံများ လွှတ်တင်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်ပူဇော်မှုများနှင့် မီးပုံးပျံများ လွှတ်တင်မှုကိုကြည့်ရှုကြသည်။ မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ချိန်နှင့် မီးပုံးပျံများလွှတ်တင်ချိန်၌ မီးပုံးပျံငယ်များကိုလည်း တစ်ချိန်တည်းလွှတ်တင်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကာ ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ တက်ရောက်လာကြသူများနှင့်အတူ ဆီမီး ၉၀၀၀ ကို အတူတကွထွန်းညှိပူဇော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့်နှုတ်ဆက်ကြသည်။

ရက်ကန်းအဖွဲ့ကိုးဖွဲ့ကို ချီးမြှင့်ငွေများပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ရာတွင် ပါဝင်ခဲ့သည့် ရက်ကန်းအဖွဲ့ကိုးဖွဲ့ကို ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

ကြည့်ရှုအားပေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်ပူဇော်ခြင်း၊ ညမီးကြီးမီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံငယ်များ လွှတ်တင်ပူဇော်

မီးပုံးပျံများလွှတ်တင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မီးပုံးပျံငယ်များ လွှတ်တင်ပူဇော်ခဲ့ကြသည်။

လာရောက်ဖူးမြော်ကြည်ညို

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်းဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းနှင့် အလှညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများကို ခမ်းနားထည်ဝါစွာ လှပစွာဖြင့် လွှတ်တင်ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့မှ အနုပညာရှင်များနှင့် ပြင်ပအနုပညာရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ဆောင်ရွက်ခဲ့ပြီး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်