Skip to main content

သမဝါယမအသင်းများအဖြစ် အကျိုးတူပူးပေါင်းဆောင်ရွက်

မြန်မာ့စီးပွားရေး၏ အဓိက‌မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါသည်။ MSME များ အားကောင်းမောင်းသန် ဖွံ့ဖြိုးလာစေရန်မှာ လုပ်ငန်းတူရာ   အသေးစားစီးပွားရေးလုပ်ငန်းများ အချင်းချင်းပူးပေါင်း၍ လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေအထားအရ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။

သမဝါယမ(Co-operative)သည် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀   ရာစု အစပိုင်းကပင် စတင်ကျင့်သုံးခဲ့ရာ နှစ်ပေါင်း ၁၀၀ ကျော် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး သည့်စနစ်လည်းဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာတစ်နိုင်ငံလုံး၌ သမဝါယမအသင်းပေါင်း ၃၉၀၀၀ ကျော် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၈၁ ရာခိုင်နှုန်းဖြင့် အများဆုံး၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုကဏ္ဍတွင် ၈ ရာခိုင်နှုန်း သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ သာမန် စုပေါင်းဆောင်ရွက်ခြင်းထက် သမဝါယမအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ လုပ်ကိုင်ပုံနည်းစနစ်အရလည်းကောင်း၊ စာရင်းဇယားထားသိုမှု၊ စာရင်းစစ်ဆေးမှုအရလည်းကောင်း စနစ်ကျနခိုင်မာသည့် အားသာချက်များ ရရှိနိုင်သည့်အပြင် ငွေကြေးအရင်းအနှီးရရှိရေး၊ ဈေးကွက်ရရှိရေးတို့အတွက်လည်း အခွင့်အလမ်းကောင်းများ ရရှိနိုင်ပြီး အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်သည်။

သမဝါယမအသင်းများ ဖွဲ့စည်းခြင်းသည် အကျိုးတူစီးပွားဖက်များအဖြစ် ဆန္ဒအလျောက်ပေါင်းစည်း လုပ်ကိုင်ကြခြင်းဖြစ်သည်။ သမဝါယမအသင်း ဖွဲ့စည်းရန်အတွက် အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသူ ပုဂ္ဂိုလ်အနည်းဆုံးငါးဦးက အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ အသင်းအဖြစ်ဖွဲ့စည်းရန် ဆုံးဖြတ်ပြီး ဖွဲ့စည်းနိုင်သည်။ အသင်းစည်းကမ်းများကို ရေးဆွဲ၍ အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ အတည်ပြုခြင်း၊ အသင်း၏အမှုဆောင်အဖွဲ့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သမဝါယမအသင်းများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရေး၊ စာရင်းဇယားများ မှန်ကန်ရေး၊ စီမံခန့်ခွဲရေး စသည့်ဆောင်ရွက်ချက်များကို သမဝါယမဦးစီးဌာနက ထိန်းကျောင်းမှုများပြုလုပ်ပေးသည်။ ထို့အပြင် သမဝါယမအသင်းများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ၊ စာရင်းဇယားနှင့် ငွေကြေးဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဆိုင်ရာများအတွက်လည်း  အသိပညာပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အချုပ်အားဖြင့်ဆိုပါက သမဝါယမဦးစီးဌာနသည် သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း (Organization)၊ စည်းရုံးပညာပေးခြင်း(Education)၊ တည့်မတ်ပြုပြင်ပေးခြင်း (Regulation) တို့ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်သည်။

သမဝါယမ၏ကျင့်ဝတ်(Ethic)သည်ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများအကျိုးကို အလေးထားခြင်းဖြစ်ပြီး “သမဝါယမ၏အနှစ်သာရ(Value)သည် ကိုယ့်အား ကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊  တန်းတူညီမျှခြင်း၊ တရားမျှတခြင်း စည်းလုံးညီညွတ်ခြင်း ဖြစ်သည်။ သမဝါယမစနစ်သည် နိုင်ငံတကာတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသည့်စနစ် တစ်ခုဖြစ်ပြီး မှန်မှန်ကန်ကန်၊  တက်တက်ကြွကြွ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အောင်မြင်မှုကို ရရှိစေသည်။ တစ်ဦးချင်းလုပ်ငန်းငယ်လေးများအဖြစ် ပြန့်ကျဲအားနည်းစွာ    ဆောင်ရွက်နေခြင်းအားဖြင့် မရရှိနိုင်သော အောင်မြင်မှုကို စုပေါင်းညီညာ ဝါယမစိုက်ထုတ်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည်ဖြစ်ရာ အကျိုးတူ စီးပွားဖက်များအနေဖြင့်  သမဝါယမအသင်းများအဖြစ် စုပေါင်းဖွဲ့စည်းလုပ်ကိုင်ကာ မြန်မာ့ MSME လုပ်ငန်းများ   အောင်မြင်ကြီးပွား တိုးတက်နိုင်ကြပါစေကြောင်း။      ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်