Skip to main content

စွမ်းဆောင်ရည်မြင့်မား အရန်အင်အား

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတကာအဆင့် မီးသတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအပါအဝင် ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်-ဟောင်ကောင်၊ မြန်မာ၊ ဩစတြေးလျ၊ မကာအို၊ လူဇင်ဘတ်၊ ဗီယက်နမ်၊ အီကွေဒေါနှင့် ယူကေနိုင်ငံ ၁၃ နိုင်ငံမှ မီးသတ်တပ်ဖွဲ့အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က နိုင်ငံပေါင်းစုံအဖွဲလိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲ၌ ပထမချန်ပီယံဆုနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

မီးသတ်တပ်ဖွဲ့တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦးယှဉ်ပြိုင်ကြရာ နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲတွင် ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှားနှင့် မြန်မာနိုင်ငံမှ တပ်ဖွဲ့ဝင်လေးဦး ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံမှ တစ်ဦးချင်းစွမ်းရည် တတိယဆုရရှိခဲ့သည်။ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အသက်ကယ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင် သုံးဦးပါဝင်သော နိုင်ငံတကာမီးသတ်တပ်ဖွဲ့က ပထမဆွတ်ခူးရရှိခဲ့သည်။ ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့ ၇၇ နှစ်တာကာလအတွင်း ပြည်ပသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမဦးဆုံးပွဲတွင် အောင်မြင်မှုရသဖြင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်ပနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားအန္တရာယ်များတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအကြား အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုစွမ်းရည်များ ဖလှယ်နိုင်ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသုံးပြုလျက်ရှိသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းသုံးခေတ်မီပစ္စည်းကိရိယာများကို လေ့လာနိုင်ခြင်း၊ ဒေသတွင်းမီးဘေး လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်ခိုင်မာလာစေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတွင်လည်း အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ နိုင်ငံအတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအပြင် ရုတ်တရက်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးအပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး ရည်မှန်းချက်တာဝန်လေးရပ်ကိုလည်း ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။

မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် စွမ်းရည်လေးရပ်ထက်မြက်စေရေး၊ မီးသတ်စက်၊ ယာဉ်နှင့် ပစ္စည်းကိရိယာများ မွမ်းမံရေး၊ ကြံ့ခိုင်ရေး၊ အသင့်ရှိရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးစက်၊ ယာဉ်၊ ပစ္စည်းကိရိယာများအသင့်ဖြစ်နေစေရေး၊ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေးတို့ကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်တို့ကို လွှမ်းခြုံဆောင်ရွက်ရာ၌ လိုအပ်ချက်များရှိရာ ယခုအခါ စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းထားသဖြင့် မြို့ရွာများအတွင်း ဘေးအန္တရာယ်ကျရောက်လာတိုင်း ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ဆောင်ရွက်နိုင်ကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်မီနိုင်ရန်အတွက် မီးသတ်စွမ်းရည်၊ ပညာရပ်၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာနည်းစဉ်များကို အစဉ်အမြဲလေ့လာဖော်ထုတ်၍ တပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်တန်းပေးခြင်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များအရ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်၊ ဌာနဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မြို့ရွာများအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အရည်အသွေး၊ အရည်အချင်းနှင့်စွမ်းဆောင်ရည်များ မြင့်မားအောင် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ မီးသတ်တပ်ဖွဲ့ဝင်များအားလုံး နိုင်ငံတော်၏ အရန်အင်အားအဖြစ် အစဉ်အမြဲရပ်တည်နိုင်အောင် လေ့ကျင့်ပျိုးထောင် မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း။ ။