Skip to main content

တိုင်းရင်းသားအခွင့်အရေးများအလေးထား

ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ကြသည်။ လူသားများ လွတ်လပ်စွာရှင်သန်နေထိုင်နိုင်ရန်အတွက် ခံစားပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးများရှိကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ၊ လူမျိုး၏ ပင်ကိုစရိုက်လက္ခဏာများအရ လူအချင်းချင်းလေးစားမှုနှင့် လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားသည့်နိုင်ငံဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြဋ္ဌာန်းထားသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၌ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဟု ဖော်ပြထားသည်။

ထို့အပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးရာတွင် မိမိ၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လျစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း ဖော်ပြထားသည်။ လူသားအားလုံးအနေဖြင့် မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုကျင့်သုံးရာတွင် သူတစ်ပါး၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို အသိအမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရှိစေခြင်းတို့သည် လူ့အခွင့်အရေး၏ အရေးပါသည့် အနှစ်သာရများဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ဧပြီလတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ သမိုင်းဝင်လူ့အခွင့်အရေး ကြေညာစာတမ်းကိုအတည်ပြုရန် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်နိုင်ရန်အတွက် ထိုစဉ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ထောက်ခံမဲပေးနိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြေညာစာတမ်းကိုအတည်ပြု အကောင်အထည်ဖော်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ယနေ့ထက်တိုင် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များနှင့် နောက်ဆက်တွဲစာချုပ်များတွင်ပါ ပါဝင်ချုပ်ဆို၍ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသည်။

နိုင်ငံသားများအနေဖြင့် အခြေခံအခွင့်အရေးများကိုရရှိခံစားပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရန်အတွက် နိုင်ငံတစ်ဝန်းလုံး တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကကျသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဖြတ်သန်းလာခဲ့ရသော သမိုင်းအတွေ့အကြုံအရ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကိုက်ညီသည့် နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သော “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”နှင့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ရည်မှန်းချက်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ မျှော်လင့်ချက်ဆန္ဒ အခွင့်အရေးများအပြည့်အဝရရှိအောင် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။

သို့သော် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လူ့အခွင့်အရေးများကို ပျက်ပြားအောင် ဖျက်ဆီးနေခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းများဖြင့် ချိုးဖောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးများရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာနေထိုင်နိုင်ရန်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူများလက်တွဲ၍ ဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူပြည်သားများအားလုံး တန်းတူအခွင့်အရေးများရရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသော နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များကို လေးစားလိုက်နာဆောင်ရွက်ကြခြင်းဖြင့် တိုင်းရင်းသားပြည်သူများအတွက် အခွင့်အရေးများကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)