မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်ကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် ထိုင်းရောက်မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။ ထိုသို့တွေ့ဆုံမှုများတွင် အလုပ်သမားများ၏ဥပဒေပါ ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေး၊ လုပ်ငန်းခွင်အခက်အခဲပြဿနာ များဖြစ်ပေါ်ပါက အကူအညီရရှိရေး၊ မြန်မာအလုပ်သမားများရရှိသည့်လစာ၏ ၂၅ ရာခိုင်နှုန်းကို ၎င်းတို့၏မိသားစုထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူစနစ်ဖြင့် လွှဲပို့နိုင်ရေးတို့အပြင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးဆောင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ပြည်ပအလုပ်သမားများတွင် မြန်မာအလုပ်သမားများက အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် အများစုက ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ယင်းသို့သွားရောက်ကြရာတွင် တရားဝင်လမ်းကြောင်းမှရော၊ တရားမဝင် နည်းလမ်းများနှင့်ရော သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အရေအတွက်ကိန်းဂဏန်းများစွာ ကွာခြားကြောင်း သတင်းများတွင် တွေ့ရသည်။ ထိုင်းတွင် မြန်မာအလုပ်သမား သန်းနှင့်ချီ၍ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အရေအတွက်မှာလည်း အမြောက်အမြားရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ပင် ပြည်ပသို့ အလုပ်သမားတင်ပို့သည့် နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစသည့် ဒေသတွင်းနိုင်ငံများမှာ ၎င်းတို့၏နိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်လွှဲပို့သည့်ငွေများမှာ ၎င်းနိုင်ငံများအတွက် ပမာဏကြီးမားစွာဖြင့် အကျိုးပြုကြသည်။
ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် ယခင်က ပြည်တွင်းရှိ မိသားစုများထံသို့ ငွေလွှဲပို့ကြသည့်အခါ ဟွန်ဒီခေါ်တရားမဝင်လမ်းကြောင်းမှ လွှဲပို့ကြခြင်းဖြစ်ပြီး ယခုအခါတရားလည်းဝင် လွယ်လည်းလွယ်ကူသည့်နည်းလမ်းကို ဖော်ဆောင်ပေးထားပြီးဖြစ်သည်။ ထို့အပြင် မြန်မာ - ထိုင်းနှစ်နိုင်ငံ ပူးပေါင်း၍ အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုများအရ ရေရှည်တွင်တရားမဝင်နည်းဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ရန် ခက်သည်ထက် ခက်ခဲလာမည်ဖြစ်ရာ ဥပဒေနှင့်အညီ တရားဝင်အလုပ်လုပ်ကိုင်ကြရန် လိုအပ်မည်ဖြစ်သည်။ တရားဝင်အလုပ်လုပ်ကိုင်ကြသူများမှာ ဥပဒေပါအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ကြမည်ဖြစ်သည့်အပြင် ဥပဒေ၏အကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာ အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ ထိခိုက်နစ်နာမှုနှင့် အခက်အခဲပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ကြုံတွေ့ပါကလည်း တရားဝင်အလုပ်သမားတစ်ယောက်အနေဖြင့် အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်သည်။
ယခုအခါ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း စည်းကြပ်မှုအပေါ် ပြည်ပမီဒီယာအချို့နှင့် တရားမဝင်အဖွဲ့အစည်းအချို့က သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ခြင်း၊ မိခင်နိုင်ငံများတွင် ကျန်ရှိနေသည့်မိသားစုများထံ တရားဝင်လမ်းကြောင်းများမှ ငွေလွှဲပို့ခြင်းတို့မှာ နိုင်ငံသားတစ်ဦး၏တာဝန်၊ မိသားစုဝင်တစ်ဦး၏ တာဝန်ပင်ဖြစ်ပြီး မိသားစု၏အကျိုး၊ နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဆောင်ရွက်ကြရမည်သာဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားတိုင်း မိခင်နိုင်ငံ၏ဥပဒေ၊ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့်နိုင်ငံ၏ ဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြခြင်းအားဖြင့် တရားဥပဒေ၏စောင့်ရှောက်မှုအောက်တွင် စိတ်အေးချမ်းသာလုံခြုံမှုကို ရရှိနိုင်ကြမည်ဖြစ်ပြီး မသမာသူတို့၏ သွေးထိုးလှုံ့ဆော်မှုကို နားမယောင်မိကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။