Skip to main content

Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ကျင်းပ

ရန်ကုန် ဩဂုတ်  ၃၁

Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်သည်။

အစည်းအဝေးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က Myanmar International (MITV Channel) ၏ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် သုံးသပ်ချက်ကို လည်းကောင်း၊ ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက MITV ၏ ဖွဲ့စည်းပုံ၊ ပညာရှင်နှင့် ဝန်ထမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာများ ဖြည့်တင်းဆောင်ရွက်မည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။  

ထို့နောက် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း က MITV Channel အရည်အသွေး ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရေရှည်ဆောင်ရွက်မည့် အစီအမံတို့ကို လည်းကောင်း၊ Chief Operation Officer ဦးဇော်မင်းအောင်က အစီအစဉ်များ တိုးတက်ဆောင်ရွက်နိုင်မှုနှင့် ကုမ္ပဏီမှ ဖြည့်ဆည်း ဆောင်ရွက် ပေးမှုများ၊ ဌာနနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လိုသည့် အချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်မှ Senior Executive Director ဒေါက်တာသိန်းသန်းဦးက MRTV နှင့် ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်မည့် Myanmar International Radio Channel (MIR Channel) အစီအစဉ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့သို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက  လတ်တလောတိုးတက် ပြောင်းလဲဆောင်ရွက် နိုင်မည့် အစီအစဉ်များကို မြန်မြန်ဆန်ဆန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ရေရှည်ဆောင်ရွက်လိုသည့် အစီအမံများကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီး ပြုစုတင်ပြရန်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ စီစဉ် ဆောင်ရွက်နေမှု၊ COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ အလေးထားပြီး ထိန်းချုပ် ကာကွယ်ကုသရေး ဆောင်ရွက်နေမှု စသည်တို့ အပါအဝင် MITV ၏ မူလရည်မှန်းချက်များနှင့်အညီ အစီအစဉ်ကောင်းများ ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ MITV Channel ကို ပရိသတ် ကြည့်ရှုမှုမြှင့်တက်လာစေရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် အဆိုပါ ကြည့်ရှုနှုန်းကို ပြုစုလေ့လာ သုံးသပ်မည့် အစီအမံများ ဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားသည်။

မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များအား နိုင်ငံတကာက သိရှိစေရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ် ချက်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် နိုင်ငံပိုင်ရုပ်သံလိုင်း MRTV-3 Myanmar International Channel ကို ၂၀၀၁ ခုနှစ် ဩဂုတ်  ၁၉ ရက်က စတင်ထုတ်လွှင့် ခဲ့ရာမှ နိုင်ငံတကာထုတ်လွှင့်မှုအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းယူရရှိနိုင်စေရေး၊ Global Coverage တိုးချဲ့နိုင်ရေး၊ ထုတ်လွှင့်ချိန်အား  ၂၄ နာရီအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရေးနှင့် အသွင်သစ် အမြင်သစ်များဖြင့် Channel Rebranding ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှင့် ရွှေသံလွှင်မီဒီယာကုမ္ပဏီတို့ ပူးပေါင်း၍ Myanmar International Television (MITV) အမည်ဖြင့် ၂၀၁၀ ပြည့်နှစ် မတ်လ (၃၁) ရက်မှစ၍ ပြောင်းလဲထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်  အင်္ဂလိပ်ဘာသာဖြင့် အဓိကထုတ်လွှင့်သည့် Myanmar International Radio Channel (MIR) ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် ရွှေသံလွင်မီဒီယာတို့ ပူးပေါင်း၍ FM ရေဒီယိုဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ထုတ်လွှင့်ပေးလျက်ရှိပြီး ၎င်းအစီအစဉ်များကို MIR ၏ Mobile Application, Facebook နှင့် Website တို့မှလည်း နားဆင်နိုင်ကြောင်း သိရသည်။

 

(သတင်းစဉ်)