နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းလာအောင် ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန်စီမံကိန်းများသည် အရေးပါသည့် စီမံကိန်းလုပ်ငန်းများဖြစ်သည်။ အထူးစီးပွားရေးဇုန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင်ရှိသည့် သမားရိုးကျစီးပွားရေးဥပဒေများထက် ပို၍လွတ်လပ်သော စီးပွားရေးဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသောနေရာဒေသဖြစ်သည်။ များပြားသောဇုန်များစုပေါင်းထားပြီး လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ ပို့ကုန်လုပ်ငန်းဇုန်၊ စက်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေ၊ မြို့ပြဇုန်များပါဝင်ဖွဲ့စည်းထားသည်။
အဓိကရည်မှန်းချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံးနှင့် လူသိအများဆုံးအထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံမှ စီးပွားရေးဇုန်များဖြစ်ပြီး တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ၁၉၈၀ ပြည့်နှစ်အစောပိုင်းကတည်းက တည်ထောင်ထားခဲ့သည်။ အအောင်မြင်ဆုံးအထူးစီးပွားရေးဇုန်မှာ ရှင်ကျန်းဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ရွာငယ်လေးတစ်ရွာမှ လူဦးရေ ၁၀ သန်းကျော်နေထိုင်သည့် မြို့ကြီးဖြစ်အောင် တည်ထောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံကို နမူနာယူ၍ ဘရာဇီး၊ အိန္ဒိယ၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က အထူးစီးပွားရေးဇုန်များ ထူထောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်လျက်ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန်မှာ အောင်မြင်သည့်စီမံကိန်းတစ်ခုဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက စီမံကိန်းလုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပြီး ဖြည့်စွက်နောက်ဆက်တွဲသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်နိုင်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်းကြီးဖြစ်လာပေမည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို ဆောလျင်စွာ စတင်အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် များစွာအထောက်အကူပြုလာပေလိမ့်မည်။ အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်လာသည်နှင့်အမျှ ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အဆိုပါအထူးစီးပွားရေးဇုန်စီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်သည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိပ်ခံတံတားစုစုပေါင်း ၁၀ ခု ပါဝင်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းကြီးပြီးစီးပါက တစ်နှစ်လျှင် ကုန်တင်ကုန်ချပမာဏ ကွန်တိန်နာပေါင်း ခုနစ်သန်း လက်ခံနိုင်ရန် လျာထားပြီး စီမံကိန်းကြီးအောင်မြင်ပြီးစီးပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခုအဖြစ် ကမ္ဘာ့စီးပွားရေးတံခါးပေါက်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆွဲဆောင်နိုင်မည့်စီမံကိန်းဖြစ်သည်။ နိုင်ငံတော်အတွက် အခွန်ငွေများဖန်တီးပေးကာ ပတ်ဝန်းကျင်ရှိလုပ်ငန်းများကို မြှင့်တင်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သားတစ်ဦးချင်းစီ၏ ဂျီဒီပီကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ စီမံကိန်းစတင်နိုင်ရန် ပြီးစီးသွားသောလုပ်ငန်းစဉ်များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဆန်းစစ်ချက်၊ လူမှုအကျိုးစီးပွားဆန်းစစ်ချက်နှင့်ပတ်သက်၍ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေသည်။ စီမံကိန်းနှင့်အတူတွဲဖက်၍ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်၍ ဒေသခံပြည်သူများအတွက် များစွာအကျိုးများမည်ဖြစ်သည်။
ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသောနေရာဖြစ်သည်။ စီမံကိန်းကြီးမှတစ်ဆင့်တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်းအသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ပထမဦးဆုံးသော ရေနက်ဆိပ်ကမ်းကြီးအဖြစ် နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်စီးပွားလူမှုဘဝများ ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။