Skip to main content

မဖြစ်မနေ ပြုစုပျိုးထောင်ကြရမည့် နိုင်ငံ့အနာဂတ်အတွက် အညွန့်အဖူးများ

ဆင်းရဲနွမ်းပါးမှုသည် ကျောင်းနေအရွယ်ကလေးငယ်အား စာသင်ခန်းကို စွန့်ခွာစေကာ လုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားစေသည်။ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိသည့်အနက်မှ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍများထဲတွင် အများဆုံးရှိနေကြသည်။ ၂၀၁၅ ခုနှစ် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး ၎င်းတို့ထဲမှ ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာတွင် သူငယ်တန်းမှ ကျောင်းဝင်လာသူများအနက် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာကြောင်း ဖော်ပြထားသည်။ ငွေကြေးမတတ်နိုင်ခြင်း၊ အိမ်အလုပ်တွင် ကူညီရခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ဝင်ကူညီရခြင်းတို့သည် ကလေးများကျောင်းထွက်ရခြင်း၏ အဓိကအကြောင်းရင်းများတွင် ပါဝင်နေပြီး ကျောင်းထွက်သွားသူကလေးအများစုမှာ မိသားစု၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ၊ အခြားဝင်ငွေရလုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားကြခြင်းပင်ဖြစ်သည်။

အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးများ လုပ်ငန်းခွင်များသို့ ဝင်ရောက်အလုပ်လုပ်ခြင်းဖြစ်စေ၊ အခကြေးငွေမရဘဲ အန္တရာယ်ရှိသည့် အိမ်မှုကိစ္စလုပ်ကိုင်ရခြင်းဖြစ်စေ ကလေးအလုပ်သမားဟုပင် သတ်မှတ်ထားခြင်းဖြစ်သည်။ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးကို ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် လူငယ်များကို အလုပ်ခိုင်းစေခြင်းမပြုရန် ဥပဒေပြဋ္ဌာန်းချက်ရှိသကဲ့သို့ အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သည့်အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လုပ်ငန်းခွင်များတွင် အလုပ်မလုပ် စေရန်လည်း ဥပဒေပြဋ္ဌာန်းချက်ရှိသည်။ သို့ရာတွင် လေထဲတွင် ပျံ့လွင့်နေသည့် ဖုန်မှုန့်၊ ကျောက်မှုန့်များ၊ အန္တရာယ်ရှိ အခိုးအငွေ့များ၊ အဆက်မပြတ်ထွက်ပေါ်နေသည့် ဆူညံသံများနှင့် တုန်ခါမှုများ၊ အပူဒဏ်များ၊ အဆင်မပြေသော ခန္ဓာကိုယ်အနေအထားနှင့် လုပ်ကိုင်ရသောအလုပ်များ၊ လည်ပတ်နေသော စက်ကြိုးများနှင့် ယန္တရားများ၊ ဓာတ်ကြိုးများနှင့် လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများစသည့် အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြသည့် အသက်မပြည့်သူကလေးများကို မကြာခဏတွေ့ရှိရသည်။

ကိုဗစ် - ၁၉ ကပ်‌ရောဂါ၏ သက်ရောက်မှုကာလ ရှည်ကြာခဲ့ခြင်း၊ နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်လာခြင်းတို့၏ အကျိုးဆက်များက နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေသည်ဖြစ်ရာ ကလေး အလုပ်သမားဦးရေ ပိုမိုများပြားလာအောင် တွန်းအားပေးနေသကဲ့သို့ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ၏ ၇၀ ဒသမ ၉ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ ကြပြီး ၁၂ ရာခိုင်နှုန်းသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင်လည်းကောင်း၊ ၁၁ ရာခိုင်နှုန်းသည် လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ယာဉ်၊ စက်ပြင်ဆင်ရေးလုပ်ငန်းများတွင်လည်းကောင်း ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သုတေသနအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ကလေးအလုပ်သမား အများစုကြီး ကျေးလက်ဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ရှိနေခြင်းက ကလေး အလုပ်သမားပပျောက်ရေး ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများကို ဦးတည်၍ အသိပညာပေးမှုများ ထိထိရောက်ရောက်တိုးမြှင့်ပေးရန် လိုအပ်ချက်ကို ပြဆိုနေခြင်းပင်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်တွင် အခြေခံပညာအလယ်တန်းအထိ အခမဲ့ပညာရေးအကောင် အထည်ဖော်ပေးထားပြီး အလယ်တန်းပညာရေးအောင်မြင်ပြီးမြောက်ပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူအသက်မွေးဝမ်းကျောင်းပညာရေးသို့ ဆက်လက်သင်ကြားနိုင်ရန် ပညာရေးလမ်းကြောင်းများ ရှိနေပြီဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတွဲဖက် သင်ကြားသည့် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၈၅ ကျောင်း အထိ ရှိလာပြီဖြစ်သည်။

က‌လေးများသည် နိုင်ငံ၏အနာဂတ်အင်အားများဖြစ်ရာ အရွယ်မတိုင်မီ လုပ်ငန်းခွင်၌ခိုင်းစေခြင်းသည် ကလေး၏ ပညာသင်ကြားမှုအခွင့်အရေးကို ဆုံးရှုံးစေခြင်း၊ က‌လေး၏အနာဂတ်ကို ချိုးနှိမ်ဖျက်ဆီးခြင်းဖြစ်သလို နိုင်ငံအတွက်လည်း လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးစေခြင်းဖြစ်သည့်အလျောက် က‌လေးအလုပ်သမားပပျောက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။