နေပြည်တော် ဇန်နဝါရီ ၁၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြကာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားချိန်တွင်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကစားကြသော်လည်း ဒုတိယပိုင်းပြီးဆုံးချိန်တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
ယင်းနောက် အချိန်ပိုမိနစ် ၃၀ ကစားချိန်တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး (ဂိုးသမား) ဆု၊ အကောင်းဆုံး (နောက်တန်း) ဆု၊ အကောင်းဆုံး (အလယ်တန်း) ဆု၊ အကောင်းဆုံး (ရှေ့တန်း) ဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်းကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန်အသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။