Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ သို့ တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ သုတေသနပညာရှင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပခဲ့တာ ယခု (၅၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီညီလာခံတွေမှာ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များရဲ့ ကြိုးပမ်းအားထုတ်မှုဖြင့် ထွက်ပေါ်လာသော သုတေသနရလဒ်များကို မီးမောင်းထိုးတင်ပြခွင့်ရပြီး ကျန်းမာရေးတွေ့ရှိချက် အသိပညာများကိုဆွေးနွေးခွင့်၊ ဖလှယ်ခွင့်ရရှိစေတဲ့ စင်မြင့်တစ်နေရာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်း သက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးဆိုတဲ့ ရည်မှန်းချက်နှစ်ရပ်ကို ပြည့်မီစေနိုင်ဖို့အတွက် များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်လို့ သိရပါတယ်။

ကျန်းမာရေးဆိုင်ရာ သုတေသနများက ထွက်ပေါ်လာတဲ့တိကျခိုင်မာတဲ့ ရလဒ်အခြေပြုသုတေသနတွေ့ရှိချက်များပေါ်မူတည်ပြီး ကျန်းမာရေးမူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသော ခေတ်မီကုထုံးများကို ချမှတ်ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ အဲဒီလိုအခြေခံအချက်အလက်များဖော်ထုတ်ရန် ဆောင်ရွက်သောသုတေသနများဟာ အရည်အသွေးမြင့်မားတဲ့ သုတေသနကောင်းများဖြစ်ဖို့ လိုအပ်လှပါတယ်။ ဒီလိုအရည်အသွေးမြင့်မားဖို့အတွက် မှန်ကန်တဲ့သုတေသနနည်းပညာများကို အသုံးပြုဖို့လိုသလို သုတေသနကျင့်ဝတ်နဲ့ ညီညွတ်စွာဆောင်ရွက်ထားတဲ့ သုတေသနများဖြစ်ဖို့ အထူးလိုအပ်လှပါတယ်။

ဒီအချက်ကို မီးမောင်းထိုးပြဖို့ ယခုနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ်အဖြစ် “Enhancing Research Integrity and Research Ethics” “ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ လို့ သတ်မှတ်ထားပြီး ယင်းနှင့်ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ သုတေသနကျင့်ဝတ်ကော်မတီများမှ အတွေ့အကြုံရှိ ဝါရင့်သုတေသီပညာရှင်များမှ ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီလိုသုတေသန ကျင့်ဝတ်ဆိုင်ရာနည်းပညာများကို အတွေ့အကြုံဖလှယ်ရင်း ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ သုတေသနကျင့်ဝတ်ကော်မတီများ ပိုမိုအားကောင်းခိုင်မာစေရေးအတွက် ရလဒ်ကောင်းများပေါ်ထွက်လာမှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

သုတေသနတွေ့ရှိချက်များအရေးပါပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရ

ဒါ့အပြင် ယနေ့ကမ္ဘာကြီးမှာ ပြောင်းလဲလာတဲ့ နေထိုင်စားသောကမှုပုံစံများကြောင့် မကူးစက်တတ်သော ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ ကင်ဆာစတဲ့ရောဂါများကို ကြိုတင်ကာကွယ်မှု၊ ထိရောက်စွာကုသနိုင်မှုအတွက် ရှေ့ဆက်ရမည့် ကျန်းမာရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များမှ ပါဝင်ဆွေးနွေးမည့် “မကူးစက်တတ်သော ရောဂါများကာကွယ်ခြင်း၊ ဖြစ်ပွားမှုလျော့ပါးအောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဆိုင်ရာ ပညာရပ်ဆွေးနွေးပွဲကိုလည်း ကျင်းပမှာဖြစ်လို့ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေးမှာ မှန်ကန်သောကုထုံးများရရှိဖို့ အထောက်အကူကောင်းများရရှိမှာ မလွဲဖြစ်ပါတယ်။ ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ပြည်တွင်း/ ပြည်ပမှပညာရှင်များ ပါဝင်ဆွေးနွေးမှာလည်း သိရပါတယ်။ ကင်ဆာနှင့်ပတ်သက်လို့ သုတေသနတွေ့ရှိချက် မြောက်မြားစွာအပေါ် အခြေခံကာ လေ့လာသုံးသပ်ပြီး ရေးဆွဲခဲ့တဲ့ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များရေးဆွဲခဲ့သည့် “Myanmar National Cancer Control Strategic Action Plan (2023-2027)” ကို မကြာသေးခင် ၂၀၂၃ ဒီဇင်ဘာ (၂၇) ရက်နေ့က အသိပေးမိတ်ဆက်ပေးခြင်းဆောင်ရွက်နိုင်ခဲ့လို့ သုတေသနတွေ့ရှိချက်များ အရေးပါပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။

မကူးစက်နိုင်တဲ့ရောဂါများ အရေးပါသလို ကူးစက်နိုင်သောရောဂါများဖြစ်တဲ့ ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့် သုတေသနပြုလုပ်နေဖို့လည်းလိုအပ်ပါတယ်။ ရောဂါကုထုံးသစ်များ၊ ကာကွယ်ဆေးများ ထုတ်ဖော်ဖို့ အရေးပါတဲ့အခြေခံအချက်အလက်များကို ဖော်ထုတ်နိုင်ဖို့အတွက် သုတေသနများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေဖို့လိုအပ်ပါတယ်။ ဆေးသုတေသနဦးစီးဌာန (ရန်ကုန် ရုံးချုပ်) တွင် အဆင့်မြင့်မော်လီကျူးသုတေသနဌာန ဓာတ်ခွဲခန်း တည်ထောင်ခြင်းဟာ ယခု (၂၀၂၄) ခုနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာဆိုရင် (၁၀) နှစ်ပြည့် မြောက်ခဲ့ပြီလို့ သိရပါတယ်။ ဒီဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီအထောက်အပံ့နဲ့ (၂၀၁၄) ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဓာတ်ခွဲခန်းတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ခေတ်မီနည်းပညာနဲ့ ဓာတ်ခွဲခန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအသုံးပြုပြီး ကူးစက်နိုင်သော ရောဂါသုံးမျိုးဖြစ်သည့် (ငှက်ဖျား၊ အသည်းရောင် အသားဝါ၊ တီဘီ) ဆိုင်ရာ သုတေသနစွမ်းရည်ကို အားကောင်းလာစေရန်နှင့် မြန်မာပြည်သူများအတွက် ကူးစက်နိုင်သောရောဂါများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေရန်တို့ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းတွင် အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာအသုံးပြုထားသော ဇီဝလုံခြုံမှု အဆင့်(၂) အထက်ရှိ ဓာတ်ခွဲခန်းပါဝင်ပြီး သုတေသီများနှင့်နည်းပညာရှင်များအား ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့်မော်လီကျူးသုတေသနစင်တာသည် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲဆိုင်ရာ အချက်အလက်များအများပြည်သူသိရှိစေရန် သတင်းမျှဝေ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲများ၏ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ် စမ်းသပ်လေ့လာသုံးသပ်ခြင်းများကို အစဉ်တစိုက် လုပ်ဆောင်နေပြီး ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀) ကျော်ကို ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ မျိုးကွဲဆိုင်ရာ အချက်အလက်များကို အများပြည်သူသိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းမျှဝေခဲ့တယ်လို့ သိရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

ရာစုနှစ်တစ်ခုကျော်အကြာမှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများ နောင်လာနောက်သားများသိရှိစေဖို့အတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဲဒီသုတေသန လုပ်ငန်းကထွက်ပေါ်လာတဲ့ သုတေသနရလဒ်စာတမ်းများကို ယခု ညီလာခံမှာ တင်သွင်းဖတ်ကြားမယ်ဆိုတာ သိရှိရတာကြောင့်မို့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အရေးပါသော ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါနဲ့ပတ်သက်ပြီး ဆေးယဉ်ပါးတီဘီရောဂါအတွက် ကုထုံးသစ်တစ်မျိုးကို သုတေသနပြုလုပ်ပြီး လူနာများတွင် လက်တွေ့အသုံးပြုကုသမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဒီဆေးယဉ်ပါးတီဘီအတွက် သုတေသနတွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးမယ့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပသွားမှာလို့လည်း သိရှိရပါတယ်။

ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းများတွင် အရည်အသွေးအာမခံမှုစနစ် တိုးမြှင့်အကောင်အထည်ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ထည့်သွင်းထားကြောင်းလည်း သိရှိရပါတယ်။

ဒီနှစ် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၅)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး သုတေသနစာတမ်း (၅၈) စောင်နှင့် သုတေသနပိုစတာ (၅၁) စောင်တို့ကို တင်သွင်းဖတ်ကြား ပြသသွားမှာလို့သိရပါတယ်။ ကျန်းမာရေးကဏ္ဍအသီးသီးမှ သုတေသနကောင်းများ ပေါ်ထွက်လာစေဖို့ သုတေသနထောက်ပံ့ကြေးများကို ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနရန်ပုံငွေအထောက်အပံ့ ပေးခဲ့တာဟာ ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီများအား သုတေသန စီမံချက် (၂၀၁)ခု ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုငွေကျပ်သန်း (၁၁၀၀)ကျော် ခွဲဝေချထားပေးပြီး သုတေသနများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။

ညီလာခံကြီးကိုအောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းတာဝန်များသတ်မှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတယ် လို့သိရှိရတဲ့အတွက် ညီလာခံကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖြစ်သော စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီ၊ သုတေသနစာတမ်းနှင့် ပိုစတာဖတ်ကြားတင်သွင်းရေး နှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ အကောင်းဆုံးစာတမ်းဆု ရွေးချယ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်အထောက်အကူပြု ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့် - စာတမ်း၊ ပိုစတာများဖတ်ကြားတင်သွင်းသူ သုတေသီများ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ များတွင် ပါဝင်ဆွေးနွေးကြသူ ပြည်တွင်း/ပြည်ပပညာရှင်များကိုလည်း မှတ်တမ်းတင်ချီးကျူးပါကြောင်း အလေးထားထည့်သွင်းပြောကြားလိုပါတယ်။

နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်ဝသော အရည်အသွေးမီသုတေသနကောင်းများ ဆောင်ရွက်

နိဂုံးချုပ်အနေဖြင့် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးကို ကျင်းပခြင်းဖြင့်ညီလာခံ၏ ရည်ရွယ်ချက်များဖြစ်သော ကျန်းမာရေးဆိုင်ရာသုတေသန ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်များ ပြည့်မီရုံမကရရှိလာသော အထောက်အထားခိုင်မာသော သုတေသနရလဒ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တစ်ခုဖြစ်တဲ့ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ကို ပံ့ပိုးမည့် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်ဝသော အရည်အသွေးမီသုတေသနကောင်းများ အစဉ်တစိုက်ဆောင်ရွက်နိုင်ရေးအတွက် သုတေသီပညာရှင်များက မလျှော့သောဇွဲဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။