Skip to main content

လူထုဗဟိုပြုစီမံကိန်းမြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်းအစည်းအဝေး မော်လမြိုင်၌ ကျင်းပ

မော်လမြိုင်  ဇန်နဝါရီ   ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေးအတွက်  စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းက မိတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းသည်။

ထို့နောက် တက်ရောက်လာကြသူများက စီမံကိန်းအကြောင်းသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း စီမံကိန်းထပ်မံတိုးချဲ့အကောင်အထည်ဖော်မည့် မြို့နယ်အားရွေးချယ်ကြသည်။

အဆိုပါ စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ဒေသတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝေလင်း(ပြန်/ဆက်)