Skip to main content

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ် အကိုင်လုပ်ငန်းရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံကိုအလုပ်သမား စေလွှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ်ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ online မှတစ်ဆင့် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Online စနစ် ဆောင်ရွက်ရာတွင် မူလက email တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးမှု မရှိစေရေး email လိပ်စာများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ online စနစ်ဖြင့် အလုပ်ခေါ်စာများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ စောင်ရေ ၁၁၂၆ စောင်၊ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း။

ထိုင်းနိုင်ငံ အလုပ်သမားစေလွှတ်ရေးလုပ်ငန်း စဉ်နှင့်စပ်လျဉ်း၍ အလုပ်သမားများကို ထိုင်းနိုင်ငံသို့စေလွှတ်နိုင်ရေး ခရီးသွားလာမှု အခက်အခဲ ဖြစ်နေသည့်အတွက် အေဂျင်စီများမှ မိမိအစီအစဉ် ဖြင့် အလုပ်သမားများကို မြဝတီမြို့သို့ ပို့ဆောင်မှု များရှိနေပြီး မြဝတီမြို့သို့ ရောက်ရှိနေသည့် အလုပ်သမားများ နစ်နာမှုမရှိစေရေး စေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့် ပြုပေးခဲ့ကြောင်း၊

ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်သည့် မြဝတီ-မဲဆောက် လမ်းကြောင်းသည် အခက်အခဲများ ရှိသည့်အတွက် ဝန်ကြီးအနေဖြင့် အလုပ်သမားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်းလိုင်းဖြင့် ပို့ဆောင် နိုင်ရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးထံ ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ သဘောတူညီ ခဲ့သည့်အတွက် အလုပ်သမားများကိုလေကြောင်းမှ စေလွှတ်ခွင့်ပြု ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်း ရှင်များအသင်း (MOEAA) မှ တာဝန်ရှိသူများနှင့် ထိုင်းလုပ်ငန်းကော်မတီခေါင်းဆောင်များက မြန်မာဘက်ခြမ်း ဝန်ဆောင်ခတိုးမြှင့်ပြောင်းလဲ သတ်မှတ် ပေးနိုင်ရေးတင်ပြခြင်းနှင့် MoU လုပ်သားစေလွှတ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်