တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ပညာရေးကောင်းမွန်ပါမှ အသိပညာ၊ အတတ်ပညာကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည် တိုင်းပြည်အတွက် အလုပ်အကျွေးပြုနိုင်မည်ဖြစ်သည်။ တိုင်းပြည်တွင် အသိပညာ၊ အတတ်ပညာအားနည်းနေပါက နိုင်ငံရေးနှင့်စီးပွားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသောအစိုးရက နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏အနာဂတ်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရည်မှန်းချက်များတွင် တိုင်းပြည်သာယာဝပြောရေးသည် အလွန်နက်နဲကျယ်ပြန့်သည့်လုပ်ငန်းစဉ်ဖြစ်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းလျှင် လူတိုင်းအေးချမ်းသာယာစွာဖြင့် လူမှုစီးပွားဘဝများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေထိုင်ကြကာ အေးချမ်းစွာပညာ သင်ကြားနိုင်မည်ဖြစ်သည်။ လူတိုင်းစီးပွားရေး တိုးတက်ကောင်းမွန်လာလျှင် နိုင်ငံ့စီးပွားရေးလည်းတိုးတက်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်များ များစွာမွေးထုတ်ပေးနိုင်ကာ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ လတ်တလောတွင် အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံအတွင်း တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် တိုင်းပြည်သည် သာမန်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပေ။ ထို့ကြောင့် နိုင်ငံတော်အစိုးရက တိုင်းပြည်ကို ဆက်လက်တာဝန်ယူပြီး သာမန်အခြေအနေသို့ ရောက်အောင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်သည်။ ဦးတည်ချက်များတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အာမခံချက်ပါရှိသည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ပြီးပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွေးကောက်ပွဲကျင်းပရေးကို အန္တိမရည်မှန်းချက်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေချိန်ကာလအတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ကောင်းမွန်ရေး၊ ပညာရေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေသည်။ တိုင်းပြည်အနာဂတ်အတွက် စေတနာမှန်ကန်စွာဖြင့် ဆောင်ရွက်နေသည်။ ရည်မှန်းချက်ကို မျက်ခြည်အပြတ်မခံ၊ ပစ္စုပ္ပန်တွင် တိုင်းပြည်အနာဂတ်အတွက် အကောင်းဆုံး၊ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးလျက်ရှိသည်။
အန္တိမရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိပြီး တစ်ဆက်တည်းတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်၍ နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံမတည်ငြိမ်ဖြစ်ရခြင်းတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး စီးပွားရေးမကောင်းမွန်ခြင်းကို အခြေခံသည်ဆိုသည့် အတွေ့အကြုံများလည်းရရှိပြီး ဖြစ်သည်။ နိုင်ငံတကာတွင်လည်း စီးပွားရေးကိုအကြောင်းပြု၍ အပြောင်းအလဲများ ဖြစ်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးစနစ် မည်သို့ပင်အပြောင်းအလဲဖြစ်သော်လည်း တိုင်းပြည်စီးပွားရေးကောင်းအောင် ပြုလုပ်နိုင်လျှင် ရည်မှန်းချက်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ပညာတတ်လူ့အရင်းအမြစ်များပေါများပြီး အလုပ်အကိုင်စီးပွားအဆင်ပြေသောကြောင့် နိုင်ငံရေးစနစ်သည် နိုင်ငံရေးရေချိန်အလိုက် အခိုက်အတန့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုသည်လည်းကောင်း၊ ပညာရည်မြင့်မားမှုသည်လည်းကောင်း စီးပွားရေးကို အကြောင်းခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး စီးပွားရေးမကောင်းမွန်ပါက အားလုံးပျက်ပြားသွားနိုင်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ရည်မှန်းထားသည့် အန္တိမရည်မှန်းချက်အောင်မြင်ရေး၊ နိုင်ငံတော်အနာဂတ် တိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံ့စီးပွားရေးနှင့်ပြည်သူလူထုတစ်ရပ်လုံး၏ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး နိုင်ငံသားတိုင်း ပညာရေးမြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။