အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို အီရတ်အာဏာပိုင်များနှင့်ညှိနှိုင်း၍ နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ အီရတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း အကျပ်အတည်းများတွင် ပိတ်မိနေခဲ့ကြသူများမှာ ရခိုင်ပြည်နယ်စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့တို့မှ ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်များ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန် ရေခံ၊ မြေခံကောင်းများ ရှိနေသော်လည်း ဖွံ့ဖြိုးမှုနောက်ကျနေခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများနည်းပါးနေခြင်းတို့ကြောင့် ရခိုင်တိုင်းရင်းသား တိုင်းရင်းသူလူငယ်တို့မှာ ပြည်တွင်းဒေသအနှံ့အပြားနှင့် ပြည်ပနိုင်ငံများသို့ပါ ထွက်ခွာသွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။ စင်စစ်အားဖြင့် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြန်မာတစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးတိုးတက်ရန် ရေ၊ မြေအခြေအနေများ ရှိနေပါလျက်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်မရ၊ ပြည်တွင်းပြည်ပ အနှောင့်အယှက်၊ အဟန့်အတား၊ အပိတ်အဆို့များက ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေးတို့ကို ဖျက်ဆီးနေကြခြင်းဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယစွမ်းပကားတို့ဖြင့် အဆိုပါအနှောင့်အယှက်၊ အဟန့်အတားတို့ကို တွန်းလှန်ဖယ်ရှားကြဖို့လိုသည်။
ရခိုင်ပြည်နယ်သည် အာရှ၏စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် မကြာမီဖွံ့ဖြိုးတိုးတက်လာတော့မည့် ပြည်နယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော မီဇိုရမ်အတွက်လည်းကောင်း၊ တရုတ်နိုင်ငံ၏ အနောက်တောင် ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သော ယူနန်အတွက်လည်းကောင်း ရခိုင်ပြည်နယ်သည် ဂိတ်တံခါးဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် စစ်တွေဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာပင်လယ်ဆိပ်ကမ်းအဖြစ် တိုးချဲ့ဆောက်လုပ်ရေး၊ စစ်တွေ- ပလက်ဝ-မီဇိုရမ်လမ်းကြောင်းအတွက် ကုလားတန်မြစ်ကြောင်းကို တိုးချဲ့တူးဖော်ရေး၊ ပလက်ဝ- မီဇိုရမ်ကားလမ်းဖောက်လုပ်ရေး လုပ်ငန်းများပါဝင်သည်။ ယင်းနှင့်ဆက်စပ်၍ စစ်တွေအထူးစီးပွားရေးဇုန်ပေါ်ပေါက်လာနိုင်သည့် အလားအလာများလည်း ရှိနေသည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပို့ကုန်တွင် စတုတ္ထမြောက်အကြီးဆုံး၊ သွင်းကုန်တွင် ဆဋ္ဌမမြောက်အကြီးဆုံးနိုင်ငံဖြစ်ရာ အထက်ဖော်ပြ ပါ စီမံကိန်းများ ပြည့်စုံပြီးမြောက်၍ လုပ်ငန်းများလည်ပတ် လုပ်ကိုင်လာသည်နှင့်အမျှ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု မြင်ကွင်းများ ပိုမိုပီပြင်လာမည်ဖြစ်သည်။
တစ်ဖန် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားလှသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်းတို့သည် ဒေသခံရခိုင်ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးကိုသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအရေးပါသည်။ ကျောက်ဖြူစီမံကိန်းကြီးသည် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှတင်သွင်းမည့် ကုန်ပစ္စည်းများ တရုတ်ပြည်မကြီးသို့ တင်သွင်းရန် စင်္ကြံလမ်းကြောင်း၏ ဂိတ်တံခါးဖြစ်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ပေါ်လာသည်နှင့်အမျှ ရေမြင့်၍ ကြာတင့်သည့်နှယ်ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း မြင့်သည်ထက် မြင့်မားတိုးတက်လာမည်ဖြစ်သည်။
ဖော်ပြပါစီမံကိန်းများမှာ စိတ်ကူးယဉ်စီမံကိန်းများမဟုတ်ဘဲ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ကြီးမားသည့် အခွင့်အလမ်းများပင်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ရယူနိုင်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းဖို့လိုသည်။ ထို့အပြင် လူသားအရင်းအမြစ် တန်ဖိုးမြင့်မားနေရန်လည်း လိုသည်။ လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေတို့မှာ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနေသလို လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးဖြစ်သည့် လူငယ်များ ပညာသင်ယူခွင့်ကိုလည်း တားဆီးပိတ်ဆို့လျက်ရှိသည်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပါမှ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည့်အလျောက် ဒေသတည်ငြိမ် အေးချမ်းရေးကို ဒေသခံပြည်သူအားဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရပါမည့်အကြောင်း။ ။