ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံနှင့်လူမျိုး မြင့်မားတိုးတက်ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက်နေကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက် သဘောကွဲလွဲမှုတို့ကိုအကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ဖူးသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာဘုံဘဝရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည်ဦးမော့လာအောင် တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။
နိမ့်ကျပျက်စီးခဲ့သောနိုင်ငံကို စည်းလုံးညီညွတ်မှု စုပေါင်းစွမ်းအားဖြင့် တိုးတက်ဖြစ်ထွန်းတောက်ပြောင်လာအောင် ကြိုးပမ်းအားထုတ်ခဲ့သည့် နိုင်ငံများကို ပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သည်။ အတိတ်ကဖြစ်ခဲ့သော ဆိုးမွေများကို သင်ခန်းစာယူ၍ အနာဂတ်မျိုးဆက်များလက်ထက်တွင် ဤသို့မဖြစ်အောင် ပြည်ထောင်စုသားအချင်းချင်း စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နိုင်ငံကို မြင့်သည်ထက်မြင့်အောင် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သော်လည်း စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်သေးပေ။
တိုင်းပြည်မှာ ရှေ့မတက်နိုင်ဘဲ အဆိုးသံသရာတွင် ဝဲလည်နေသည်ကိုတွေ့ရ မည်ဖြစ်သည်။ နိုင်ငံတော်ကို ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အစိုးရတစ်ရပ်တည်း ဆောင်ရွက်နေ၍ ရည်မှန်းချက်ပန်းတိုင်သို့ဆောလျင်စွာ ရောက်ရှိမည်မဟုတ်ပေ။ အစိုးရနှင့်အတူ ပြည်သူများက ဆိုင်ရာကဏ္ဍများမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြပါမှ ရည်မှန်းချက်သို့ အလျင်အမြန်ရောက်ရှိမည်ဖြစ်သည်။ ပဋိပက္ခများကြောင့် တိုင်းပြည်ရှေ့မတက်နိုင်ဘဲ နောက်ကျကျန်နေသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။ ပဋိပက္ခများနှင့် ဆက်သွားနေလျှင် အဆိုးသံသရာတွင်လည်နေပြီး ရှေ့သို့တက်ရန် အလှမ်းဝေးနေမည်ကို သတိမူရမည်ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်အနာဂတ်အတွက် စည်းလုံးညီညွတ်ကြရမည့် အချိန်အခါဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများသည် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးပျက်စီးမှုများ၊ စိတ်မကောင်းစရာများပင်ဖြစ်သည်။ ယင်းကို မစားရဝခမန်း ဝမ်းမြောက်နေကြသူများ၊ မဟုတ်မမှန် လုပ်ကြံသတင်းများထုတ်လွှင့်ပြီး မပျက်စီးပျက်စီးအောင် အားထုတ်နေသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေသည့် အမျိုးသားသစ္စာဖောက်များပင်ဖြစ်သည်။ အဖျက်လုပ်ရပ်များဖြင့် ပြည်သူများအကျိုးစီးပွားပျက်စီးအောင် ပြုလုပ်မှုများကို တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖယ်ရှားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ မတရားကိုလိုနီပြုမှုကြောင့် ကျွန်ဘဝရောက်ခဲ့ပြီးဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်၌ ပြည်ပမှနှောင့်ယှက်မှုအမျိုးမျိုး ကြုံတွေ့ခဲ့သည်။ ကျွန်ဘဝမှလွတ်မြောက်အောင် အသက်သွေးချွေးပေးဆပ်ပြီး ညီညွတ်မှုဖြင့် လွတ်လပ်ရေးအရယူခဲ့သည်။ လွတ်လပ်ရေးရရှိပြီးသော်လည်း နယ်ချဲ့လက်သစ်များက တိုင်းပြည်ပျက်စီးအောင် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ပြည်ပတွင် အခြေချနေထိုင်သည့် မြန်မာနိုင်ငံဖွားတိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားများ၊ ပြည်ပမှနေ၍ အနောက်နိုင်ငံလက်ဝေခံ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန်လုပ်ကြံသတင်းများ၊ ပုံကြီးချဲ့ကား၊ ကောလာဟလသွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးမှုများဖြင့် တိုင်းပြည်ပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည်။ ပြည်ထောင်စုသားအချင်းချင်း ညီညွတ်မှုမရှိသဖြင့် ပဋိပက္ခများမရပ်မနားဖြစ်ပေါ်လျက်ရှိသည်။ ယင်းတို့သည် သင်ခန်းစာယူစရာ အကြောင်းများဖြစ်သည်။
နွားကွဲလျှင် ကျားဆွဲပျက်စီးရသကဲ့သို့ မြန်မာလူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ ပြည်ပမှသွေးခွဲပြီး နိုင်ငံသားအချင်းချင်းပျက်စီးအောင် လုပ်ဆောင်မှုများရှိနေမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးရသည်မှာ မြန်မာနိုင်ငံသားများပင်ဖြစ် သည်ကိုလည်းကောင်း၊ အချင်းချင်းစိတ်ဝမ်းကွဲပြားသဖြင့် တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးပျက်စီးမှုများ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရမှုများကို မြန်မာနိုင်ငံသားများပင် ခံစားနေရသည်ကိုလည်းကောင်း သေချာစွာရှုမြင်ဆင်ခြင်ပြီး အချင်းချင်းစိတ်ဝမ်းမကွဲပြားဘဲ စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်တည်ဆောက်၍ မိမိနိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့ အချိန်ကျရောက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံကို ဖျက်ဆီးနေကြသူများမှာ လူတစ်စု၊ တစ်ဖွဲ့ဖြစ်သည်။ အစွန်းရောက်နိုင်ငံရေးသမားအချို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ မသမာသူအဖျက်သမားအချို့ဖြစ်သည်။ ဖျက်ဆီးခံနေရသူများမှာ ပြည်ထောင်စုဖွား နိုင်ငံသားအများစုဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုတိုင်းရင်းသား ပြည်သူလူထုအားလုံး၏ စည်းလုံးညီညွတ်မှုအားဖြင့် ပြည်ထောင်စုကြီးအကျိုးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါလျှင် အဖျက်အန္တရာယ်မှန်သမျှကို ဖယ်ရှားနိုင်ပြီး တိုင်းပြည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ။