Skip to main content

ဥမကွဲသိုက်မပျက် ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် နှစ်ပေါင်းထောင်ချီ စုစည်း နေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပြီး အန္တရာယ်ရန်စွယ်အပေါင်းတို့ကို လက်တွဲတွန်းလှန်ခဲ့ကြသည်။ သို့သော် ကိုလိုနီလက်အောက်သို့ ကျရောက်သည့်အခါ သွေးခွဲအုပ်ချုပ်မှုပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်။

လွတ်လပ်ရေးရရှိသောအခါ စိတ်ဝမ်းကွဲပြားမှုအကျိုးဆက်ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ မျက်မှောက်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် ပြည်တွင်း/ပြည်ပမှ အဖျက်သမားများက မြန်မာနိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်ပေးမှုဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဖျက်လုပ်ရပ်များ လုပ်ကိုင်လာမှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြသည့်အပြင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြုံတွေ့ခံစားနေရသည်။

အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကြောင့် နိုင်ငံတော်၏အရင်းအမြစ်များ များစွာဆုံးရှုံးထိခိုက်ပျက်စီးခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် နှောင့်နှေးကြန့်ကြာစေခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများသည် တိုင်းပြည်နှင့် လူမျိုးများ၏ အနာဂတ်ကို အလေးမထားဘဲ ၎င်းတို့အာဏာထူထောင် လိုမှု၊ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းလိုမှုကို လူမျိုးရေး၊ ဝါဒရေးအကြောင်းပြလျက် အဖျက်လုပ်ရပ်များ တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်။ ရေရှည်တွင်နိုင်ငံတော်အတွက် အဘက်ဘက်၌ အန္တရာယ်ကြီးမားလာသည်ကို အားလုံးကသိမြင်ပြီး သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်နေပြီဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုကြီးအကျိုးကို အစဉ်အမြဲရှေးရှုလျက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားကာ စောင့်ရှောက်ကာကွယ်လျက်ရှိသည်။ တပ်မတော်သားများသည် တိုင်းရင်းသား ပြည်သူများ၏ သားသမီးများဖြစ်၍ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် ပြည်ထောင်စုကြီးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုသည့်အတိုင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ အားပေးထောက်ခံမှုဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းရပ်တည်မှုတို့သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အင်အားတစ်ရပ်ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိလာစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အရေးကြီးပေသည်။ နိုင်ငံတော်အစိုးရသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဘက်စုံထောင့်စုံတွင် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးသည် အားလုံး၏မျှော်လင့်ချက်ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် လိုအပ်ပါသည်။ လက်နက်ကိုင် နည်းလမ်းဖြင့်ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ အောင်မြင်မှုမရရှိဘဲ ရေရှည်တွင် တိုင်းပြည်နှင့်လူမျိုးသာ ထိခိုက်နစ်နာစေသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရှောင်ရှားကြရမည်ဖြစ်သည်။

နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားအဖွဲ့အချို့က တောင်းဆိုနေသော အချက်များအားလုံး ပါဝင်ပြီးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားအရေး၊ တိုင်းရင်းသားလိုအပ်ချက်များ ရရှိလိုသည်မှာ မှန်ကန်ပါက နိုင်ငံရေးနည်းလမ်းဖြင့် ရယူနိုင်သည့် ခင်းကျင်းပေးလျက်ရှိသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရမည်ဖြစ်သည်။ ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် (၃)ရပ်အဖြစ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်က ခိုင်ခိုင်မာမာတည်ဆောက်ထားခြင်းဖြစ်သဖြင့် အထိအခိုက်ခံမည်မဟုတ်ကြောင်း အတိအလင်းပြောကြားထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာ ဒေသနှင့်ဒေသခံတိုင်းရင်းသားပြည်သူများသာ ထိခိုက်ခံစားနေကြရမည်ဖြစ်သောကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုရှေးရှု၍ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြကာ မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာအောင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။။