Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ဖြင့်နိုင်ငံကာကွယ်

မြန်မာနိုင်ငံတွင် အများပြည်သူတို့၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ရေရှည်လျှောက်လှမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများက နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နိုင်ငံတော်နှင့် မြို့ရွာများ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့သည်။ တစ်ဆက်တည်းတွင် အရန်တပ်ဖွဲ့ဥပဒေကို အသက်ဝင်စေပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဥပဒေများနှင့်ပတ်သက်၍ ပြည်သူများကြားတွင် ပြောဆိုဝေဖန်သံများကြားလာရသည်။ ဆန့်ကျင်ဘက်အဖျက်အဖွဲ့အစည်းများက သွေးထိုးလှုံ့ဆော်အနှောင့်အယှက်ပေးလျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှပေါ်ပေါက်လာသော ဥပဒေအသစ်မဟုတ်ပေ။ လွတ်လပ်ရေးရပြီးကတည်းက ခေတ်အဆက်ဆက်ရှိခဲ့သော ဥပဒေဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သည်။ တိုင်းပြည်၏ လိုအပ်ချက်အနေအထားပေါ်မူတည်၍ အကောင်အထည်မဖော်ခဲ့သေးသော်လည်း ယခုအခါ နိုင်ငံတော်၏ အနာဂတ်အတွက် မြော်တွေးဆောင်ရွက်ရမည့်အခြေအနေရှိလာသည်။

ယင်းဥပဒေနှင့်ပတ်သက်၍ “တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးသည် အလိုအပ်ဆုံး အခြေအနေတစ်ခုဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရည်မှန်းထားသည့် လုပ်ငန်းစဉ်များကိုလည်း အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ယခုအချိန်အထိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန်ဖြစ်သော်လည်း EAO အချို့သည် စစ်ရေးနည်းလမ်းဖြင့် ဆက်လက်လုပ်ကိုင်နေသောကြောင့် တိုင်းပြည်အနာဂတ်ကိုမြော်တွေး၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကိုင်ကြရမည် သာဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူများကို ထိပါးစော်ကားမှုများ တိုးလာသဖြင့် မခံမရပ်နိုင်သော ပြည်သူများလည်းများလာသည်။ ပြည်သူများတွင် စစ်မှုထမ်းဟောင်းများအနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများ များပြားလာသဖြင့် ရှိပြီးဖြစ်သည့် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့် ထုတ်ဆင့်ခဲ့သည်ကို တွေ့ရသည်။ ထိုဥပဒေဖြင့် စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဟု သိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအင်အား တိုးတက်မြင့်မားလာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုအပ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား ကောင်းမွန်မည်ဖြစ်သည်။ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန်လာမည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အားသည် အရေးအကြီးဆုံး ပထမအချက်ဖြစ်ပြီး စီးပွားရေးမောင်းနှင်အားကောင်းမွန်ရန်အတွက် နိုင်ငံလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက် ပေးရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကာကွယ်ရေးတွင် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ဖြင့် ပြည်သူတစ်ရပ်လုံး ပါဝင်လာရန်လိုအပ်သည်။

သို့ဖြစ်ရာ လက်ရှိတွင် အမျိုးသားသစ္စာဖောက်များနှင့် အဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ အရာရာကို ဖြောင့်တန်းစွာဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းပြည်တွင် ကျရောက်လာနိုင်သည့်အန္တရာယ်များကို လက်တွဲညီညာဖယ်ရှားသွားကြရမည် ဖြစ်ပါကြောင်း။ ။