လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏တန်ဖိုးထားမှုစနစ်နှင့် စံများ (Value System and Norms) က လူတို့၏အပြုအမူများအပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟု ပညာရှင်များကဆိုသည်။ လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများကလက်ခံထားသော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည်အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည်ကို ဆိုခြင်းလည်းဖြစ်သည်။
တစ်ခေတ်တစ်ခါက မိုက်ဂုဏ်ကြောင့် နာမည်ကြီးသည့် ဒေသတစ်ခုရှိခဲ့ဖူးရာ အရွယ်ရောက်သည့် ယောက်ျားလေးဆိုလျှင် “ပွဲဝင်” ဖူးမှ ယောက်ျားပီသသည်ဟူသော အယူအဆက ၎င်းဒေသ၏ လူ့အဖွဲ့အစည်းကို လွှမ်းမိုးထားခဲ့ခြင်းကြောင့်ဖြစ်သည်။ ပွဲဝင်သည်ဆိုသည်မှာ ဓားနှင့်ထိုး၊ တုတ်နှင့်ရိုက်၊ ရန်ပွဲဖြစ်ပြီး ရုံးရောက်၊ ဂါတ်ရောက် ရောက်ခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံ လက်လွန်ခြေလွန်လူသတ်မှုအထိ ဖြစ်သွားသူမှာ ပို၍မိုက်ဂုဏ်မြင့်သူအဖြစ် ရောက်ရှိသွားသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင်မမှန်ကန်သည့် အတွေးအခေါ်နှင့် အပြုအမူဆိုင်ရာစံ၊ အရည်အသွေးစံများ လွှမ်းမိုးခဲ့ခြင်းကြောင့် မှားယွင်းသည့်လုပ်ရပ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မှားယွင်းသည့်လုပ်ရပ်များသည် ပြုလုပ်သူအတွက် သာမကပတ်ဝန်းကျင်ကိုရော၊ ဒေသကိုပါ အကျိုးယုတ်စေသည်။ အကယ်၍သာ ဤဒေသ၏လူ့အဖွဲ့အစည်းတွင် ရိုးသားခြင်းနှင့် အလုပ်ကြိုးစားခြင်းတို့ကို တန်ဖိုးထားသည့် အတွေးအခေါ်နှင့် စံနှုန်းများက လွှမ်းမိုးနေမည်၊ ထွန်းကားနေမည်ဆိုပါက ယင်းဒေသသည် ရိုးသားမှု၊ ကြိုးစားမှုကြောင့် ဖွံ့ဖြိုးတိုးတက်သည့်ဒေသ၊ စီးပွားအခွင့်အလမ်းများ ပွင့်လန်းပြီး နေချင့်စဖွယ်ဒေသအဖြစ် ထင်ရှားကျော်ကြားနိုင်မည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ပြည်သူလူထု၏အရည်အသွေး၊ အရည်အချင်းပြည့်ဝစေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်သကဲ့သို့ပင် “အလုပ်လုပ်လိုစိတ်” (Will to Work) ထက်သန်စေရန်အတွက် နှိုးဆွလှုံ့ဆော်ပေးရန်လိုသည်ဟု ပညာရှင်တို့က မိန့်ဆိုကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် လူတို့၏အရည်အသွေး၊ အရည်အချင်းတိုးတက်မြင့်မားစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်ရေး၊ ကျွမ်းကျင်မှုပြန့်ပွားရေး၊ အသိပညာတိုးပွားရေးတို့ကို တတ်စွမ်းသမျှဆောင်ရွက်နေကြသော်လည်း အဓိကအခက်အခဲမှာ ၎င်းတို့တွင်ရှိနေသည့် လူတို့၏ အရည်အသွေး၊ အရည်အချင်းတို့ကို ထိရောက်စွာအသုံးမပြုနိုင်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ လူ့အဖွဲ့အစည်းအတွင်း အလုပ်လုပ်လိုသည့် စိတ်ထက်သန်လာစေရန်နှင့် အလုပ်အပေါ်တန်ဖိုးထားခြင်း၊ ရိုးသားခြင်း၊ ကြိုးစားခြင်းစံနှုန်းများလွှမ်းမိုးနေစေရန် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရန်လိုအပ်သလို အလုပ်ကြောင့် အကျိုးဖြစ်ထွန်းမှုကိုလည်း ထင်ရှားစွာပြသနိုင်ရန်လိုသည်။ ကျေးလက်ဒေသများ၏ စိုက်ပျိုးရေးစီးပွား ဆောင်ရွက်ရာတွင် ထုတ်ကုန် သီးနှံများအတွက် ဈေးကွက်အာမခံချက်မရှိဘဲ မြတ်သည့်ရာသီ မြတ်၊ ရှုံးသည့်ရာသီရှုံးဟူသည့် သံသရာလည်နေချိန်တွင် ပြည်ပထွက်ခွာ အလုပ်လုပ်သည့်အိမ်က အိမ်တစ်ဆောင် မီးတစ်ပြောင် ကြီးပွားတိုးတက်လာသည်ကို မြင်ရသည့်အခါ လယ်ယာစီးပွားအပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး ပြည်ပထွက်ခွာအလုပ်လုပ်ရန်သာ ကြိုးပမ်းလာကြခြင်းမှာ ထင်ရှားသည့်ဥပမာပင်ဖြစ်သည်။
ယနေ့ ဖွံ့ဖြိုးတိုးတက်သည့်အခြေအနေသို့ ရောက်ရှိလာကြသည့် အာရှနိုင်ငံတို့မှာ အတိတ်ကာလက မိမိတို့နိုင်ငံကဲ့သို့ပင် ဖွံ့ဖြိုးမှုနည်းပါးသည့် အခြေအနေမှ ကြိုးစားရုန်းကန်သွားခဲ့ကြရ ခြင်းဖြစ်သည်။ ပြည်သူလူထု၏ အလုပ်လုပ်နိုင်သည့် အရည်အသွေးပြည့်ဝစေခြင်းနှင့် အလုပ်လုပ်လိုသည့်စိတ်ဓာတ် ထက်သန်ခြင်းတို့ကိုဖန်တီးကာ ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့စွမ်းဆောင် ကြရပါမည့်အကြောင်း။ ။