Skip to main content

နိုင်ငံတော်နှင့် ပြည်သူအကျိုးရှေးရှုဆောင်ရွက်

မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သက်တမ်းနှစ်ကြိမ် ဖြတ်သန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်၏ တာဝန်များကိုထမ်းဆောင်ရာ၌ ပြည်သူများ၏ဆန္ဒဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်နှင့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်များ အောင်မြင်စေရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ၏တိုးတက်ဖြစ်ထွန်းမှုများကို ဟန့်တားနှောင့်ယှက်နေသည့် အဖျက်အမှောင့်အန္တရာယ်များ ကင်းဝေးရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ အကြမ်းဖက် သောင်းကျန်းသူအဖျက်သမားများသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်ပြားစေရေးကို သမိုင်းကြောင်းတစ်လျှောက် စဉ်ဆက်မပြတ် နှောင့်ယှက်ဖျက်ဆီးလျက်ရှိသကဲ့သို့ ၎င်းတို့နှင့်အပေါင်းပါ အဖျက်မီဒီယာများကလည်း ခေတ်အဆက်ဆက် နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် မီဒီယာများရှိကြသည်။ အဆိုပါမီဒီယာများသည် ဒီမိုကရေစီကျင့်စဉ် မီဒီယာကျင့်ဝတ်နှင့်အညီ ပွင့်လင်းမြင်သာစွာ တင်ဆက်နေကြသည်။ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ဘက်လိုက်မှုများလည်း ရှိကြသည်ကို တွေ့ရသည်။ ၎င်းတို့၏နိုင်ငံနှင့် လူမျိုးပျက်စီးအောင် ကျင့်ဝတ်ဖောက်ဖျက်ပြီး ဖျက်ဆီးကြသည့် မီဒီယာများမှာ ရှားလှသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြည်ပအခြေစိုက်မီဒီယာများသည် နိုင်ငံပျက်စီးရေးကို အများဆုံးပြုလုပ်နေကြသည်ကို တွေ့ရမည်။ နိုင်ငံပျက်စီးရေးကို ကမ္ဘာပေါ်တွင် အများဆုံးပြုလုပ်ခံရသည့် နိုင်ငံမှာမြန်မာနိုင်ငံဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူမှုကွန်ရက်စာမျက်နှာများပေါ်မှ မြန်မာနိုင်ငံအား ပြည်တွင်း၊ ပြည်ပသွေးထိုးမြှောက်ပင့်ပေးနေမှုများ၊ ကျင့်ဝတ်သိက္ခာကင်းမဲ့စွာဖြင့် မြန်မာနိုင်ငံကို ချောက်ထဲရောက်အောင် တွန်းပို့နေကြသည့် ယုတ်ညံ့သောမီဒီယာများကို နေ့စဉ်အမြောက်အမြားတွေ့မြင် ကြားသိနေရသည်။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် လက်တွေ့ဖြစ်ပျက်နေမှုများကို အသိဉာဏ်ပညာနှင့် ဆင်ခြင်သုံးသပ်ဆောင်ရွက်မှုမရှိသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် တိုင်းပြည်၏ နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြည်သူများကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ နေကြသည်ကို တွေ့မြင်ကြားသိနေရသည်။

အဆိုပါ တိုင်းပြည်ပျက်စီးရေးလုပ်ဆောင်နေကြသည့် အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများနှင့် အဖျက်မီဒီယာများ၏ လုပ်ရပ်များသည် တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးမားလှသည်။ သောင်းကျန်းသူများက အစဉ်တစိုက် ဖျက်ဆီးတိုက်ခိုက်မှုများ လုပ်ကိုင်နေကြသည်။ ပြည်ဖျက်မီဒီယာများကလည်း သောင်းကျန်းသူအဖျက်သမားများကို အားပေးအားမြှောက်ပြုလုပ်ပြီး တိုင်းပြည်ပျက်စီးရေးကို အားရဝမ်းသာလုပ်ဆောင်နေကြသည်။ တပ်မတော်နှင့် ပြည်သူအထင်အမြင်လွဲမှားအောင်၊ ပြည်သူများ အတွေးအမြင်လွဲမှားအောင် အစဉ်တစိုက်ပြုလုပ်ကြသည်။ ထို့ကြောင့် အဖျက်အမှောင့်လုပ်ရပ်များသည် တိုင်းပြည်အတွက်အန္တရာယ်ကြီးမားသောကြောင့် အဆိုပါလုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက မှန်ကန်စွာသိမြင်ကြဖို့ လိုအပ်သည်။

နိုင်ငံတော်၏ဖြစ်ပေါ်တိုးတက်မှု ပကတိအခြေအနေများကို ပြည်သူများသိရှိအောင် နိုင်ငံပိုင်မီဒီယာများကသာ အစဉ်တစိုက်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေကြသည့် အဖျက်အန္တရာယ်များ၊ သတင်းတု၊ သတင်းမှားများ၊ ကောလာဟလသတင်းများကို ပြည်သူလူထုအားလုံး မှန်ကန်စွာသိရှိနိုင်စေရန် နိုင်ငံပိုင်မီဒီယာများကပင် သတင်းမှားများကိုအသိပေးခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေးခြင်း၊ အသိပညာပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။ ပြည်သူအများကလည်း နိုင်ငံချစ်စိတ်နှင့်စဉ်းစားချင့်ချိန်ဉာဏ်ဖြင့် အမှန်အမှားတို့ကို ခွဲခြားသိမြင်နိုင်ရန် လိုအပ်သည်။

သို့ဖြစ်ရာ နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် မီဒီယာကဏ္ဍမှနေ၍ ခေတ်အဆက်ဆက်တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ မျက်မှောက်ကာလတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေး၊ ဖျက်ဆီးနှောင့်ယှက်မှုများမှကင်းဝေးပြီး ပြည်သူလူထုအားလုံး မှန်ကန်စွာသိရှိနားလည်နိုင်ရေးအတွက် သတင်းတု၊ သတင်းမှားများကိုတုံ့ပြန်ခြင်း၊ သတင်းမှန်များကို ထုတ်လွှင့်ခြင်းနှင့် အသိပညာပေးခြင်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။ ။