နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”နှင့်“ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ကို ချမှတ်ထားသည်။
ရည်မှန်းချက်ပြည့်မီ အောင်မြင်ဖြစ်ထွန်းရေးအတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးဆီဖူလုံရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အရေးပါသည့်ကဏ္ဍဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ယူစဉ်ကတည်းက ပြည်တွင်းစားသုံးဆီဖူလုံရေးကို အလေးထားဆောင်ရွက်ခဲ့သော်လည်း နှစ်စဉ်ပြည်ပမှ စားသုံးဆီတန်ချိန်အမြောက်အမြားတင်သွင်းနေရဆဲဖြစ်၍ နိုင်ငံခြားငွေအပိုကုန်ကျ လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးကြရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့သည်။ လိုအပ်သည်များကို တတ်နိုင်သမျှဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ ပြည်ပမှစားသုံးဆီတင်သွင်းမှု မလျော့ကျသေးသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်နိုင်သည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစု၊ ရေနှင့် လူ့စွမ်းအားအရင်းအမြစ်များရှိပြီးဖြစ်၍ ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများတွင် မြေပဲသည် တစ်ဧကအထွက်နှုန်း အကောင်းမွန်ဆုံးဖြစ်သည်ဟု သိရသည်။ ယခုအခါ နေကြာသည် မြေပဲနှင့်နှမ်းသီးနှံတို့ထက် ဆီထွက်နှုန်းပိုမိုကောင်းမွန်သည်ဟု သိလာကြသည်။ မြန်မာနိုင်ငံတွင် အဆိုပါဆီထွက်သီးနှံပင်သုံးမျိုးကို အောင်မြင်စွာစိုက်ပျိုး ထုတ်လုပ်နိုင်သည့်အခြေအနေရှိသည်။ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှုအောင်မြင်ရေးအတွက် ပျားမွေးမြူရေးကိုပါ တွဲဖက်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ဆီထွက်သီးနှံများသည် လေးလတာကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးထုတ်လုပ်နိုင်သော လုပ်ငန်းဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော နည်းလေးမျိုးကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျှင် မလွဲမသွေအောင်မြင်မည်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကိုစနစ်တကျ ပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့သည် အဓိကကျပြီး နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် ဆီထွက်သီးနှံစိုက်ဧကများ လုံလောက်သည့်အနေအထားရှိသဖြင့် နည်းလေးမျိုးဖြင့် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့ပြင် သီးထပ်စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း မတူညီသည့် ရာသီဥတုတွင် လိုအပ်သည့်သွင်းအားစုများရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးများက စိုက်ပျိုးရေးအခြေအနေများကို အသိဆုံးဖြစ်သည်။ တောင်သူလယ်သမားများအား နည်းလေးမျိုးအပါအဝင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက အောင်မြင်မှုများရရှိလာမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် စဉ်းစားဆောင်ရွက်ပေးကြရန်လိုအပ်ပြီး အခြားနိုင်ငံများ၏ စိုက်ပျိုးရေးပညာ၊ နည်းပညာများကို လေ့လာဆည်းပူးအတုယူဆောင်ရွက်ကြရန် လိုအပ်သည်။
ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့််များအား စနစ်တကျပြုပြင်ထားသောမြေတွင် မြေဩဇာပြည့်မီအောင် ထည့်သွင်းပေးခြင်း၊ အောင်ရေရရှိအောင် ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပန်းတိုင်အထွက်နှုန်းများ ပြည့်မီလာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြီးနှစ်သွယ်အပြင် အခြားသော မြစ်ချောင်းလက်တက်များကို အားကိုးအားထားပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြရာ အောင်ရေလုံလောက်အောင်ရရှိနေသည်။ နွေရာသီကာလတွင် ဖြစ်ပေါ်လာသည့် ရေလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အဓိကလိုအပ်ချက် ခေတ်မီနည်းပညာများ ရှာဖွေဖြည့်ဆည်းရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံပင်များ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးဖြစ်သည့် မျိုး၊ မြေ၊ ရေတို့ကို စနစ်တကျ ထိရောက်စွာအသုံးချပြီး ခေတ်မီအဆင့်မီသည့် စိုက်ပျိုးရေးနည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြလျှင် ပြည်တွင်း၌ စားသုံးဆီလောက်ငဖူလုံပိုလျှံပြီး ပြည်ပသို့ပင် တင်ပို့နိုင်မည်ဖြစ်၍ ဆီထွက်နှုန်းတိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားကို မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။