နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတားကိုဖြစ်စေပြီး နိုင်ငံလုံခြုံရေးအတွက်လည်း အန္တရာယ်ရှိနိုင်သည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမှာ ဖမ်းဆီးရမိမှုတန်ဖိုး ပမာဏများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟုသိရသည်။ အဖမ်းအဆီး မည်မျှများပြားစေကာမူ ဆက်လက်လုပ်ကိုင်နေကြခြင်း၏ သဘောမှာ လုပ်ကိုင်ခွင့်သာနေခြင်း၊ လုပ်ကိုင်၍ရသည့် နည်းလမ်းများရှိနေခြင်းနှင့် အကျိုးအမြတ်များ မစွန့်လွှတ်ချင်လောက်အောင် ရရှိခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ရာတွင် ‘‘အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်စခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တာဝန်ကျသည့် ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို ထိရောက်စွာကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေပါကြောင်း။’’ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် တာဝန်ကျဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများနှင့် သတ်မှတ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ခြင်းမရှိသည့် အားနည်းချက်များ ရှိနေကြောင်းကိုလည်း ထောက်ပြပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရာတွင် တားဆီးအရေးယူမှုများကြောင့် ရပ်တန့်မသွားဘဲ ဆက်လက်ကျူးလွန် နေကြခြင်းမှာ လက်ရှိဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်နှင့် လူပုဂ္ဂိုလ်များ၏ အားနည်းချက်များကြောင့် ဟုတ်မဟုတ် ဆန်းစစ်လေ့လာ အဖြေရှာရန် လိုအပ်မည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးဖမ်းဆီးအရေးယူရာတွင် ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းကိုလိုက်၍ အကောက်ခွန်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သစ်တောဥပဒေ၊ ရေနံနှင့်ရေနံ ထွက်ပစ္စည်းများဆိုင်ရာဥပဒေ စသည့်ဥပဒေများဖြင့် အရေးယူနေခြင်း၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်ခြင်း တို့ဖြစ်သည်။ ယင်းသို့အရေးယူနေရခြင်းနှင့် စပ်လျဉ်း၍လည်း ကန့်သတ်ကုန်ပစ္စည်းများဆိုပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းဖြစ်ပါက ဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းတို့အပါအဝင် ပစ္စည်းသိမ်းခြင်းနှင့် တရားမဝင်ကုန်ပစ္စည်းတင်ဆောင်သည့်ယာဉ် သိမ်းခြင်းကိုသာ အများဆုံးဆောင်ရွက်နိုင်ခြင်းကြောင့် ထပ်ကာထပ်ကာ ကျူးလွန်နေသူများကို ယခုထက် ထိထိရောက်ရောက် ဟန့်တားအရေးယူရန် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ရှိခဲ့သည်။
တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာရခြင်းနှင့်စပ်လျဉ်း၍ အခြေခံအကြောင်းရင်းများကို ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲ မှုများပြုလုပ်ရန်အပြင် ဝိသမလောဘဖြင့် အကြိမ်ကြိမ် ကျူးလွန်နေမှုများကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ရန်လိုသည်။ ဥပဒေများ၌ အားနည်းချက်များရှိနေလျှင်လည်း ခေတ်အခြေအနေနှင့်အညီ ပြင်ဆင်ခြင်း၊ ထိရောက်ဟန့်တားနိုင်မည့် ဥပဒေအသစ်ပြဋ္ဌာန်းခြင်းတို့ဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အရှိန်အဟုန် မြင့်မားစေရမည်ဖြစ်သည်။ နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းရေး၊ တရားဝင်ကုန်သွယ်မှုများ တိုးတက်ဖြစ်ပေါ် လာရေးမှသည် နိုင်ငံတော်လုံခြုံရေးအထိ လွန်စွာအရေးကြီးသည့် တရားမဝင်ကုန်သွယ်မှုများကို အလေးအနက် တားဆီးတိုက်ဖျက်ရန်နှင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်မည်ဟု ယုံကြည်ပါကြောင်း။ ။