ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့် နေ့ရက် သတ်မှတ်ပြီးသည့်နောက်ပိုင်း လုပ်ကြံဖန်တီးမှုများနှင့် ကောလာဟလပေါင်းစုံတို့ မြို့ရွာဒေသအသီးသီးတွင် အတောမသတ်နိုင်အောင် ပေါ်ထွက်လာသည်။ အဆိုပါလုပ်ကြံ ဖန်တီးမှုများနှင့် ကောလာဟလများ၏ ရည်ရွယ်ချက်များမှာ ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ရေး၊ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရေးနှင့် ဆန့်ကျင်သည့်စိတ်များ ဖြစ်ပေါ်လာစေရေး၊ လူငယ်လူရွယ်များ အကြမ်းဖက်လမ်းစဉ်သို့ လွဲမှားစွာ ရောက်ရှိသွားစေရေး စသည်တို့ပင်ဖြစ်သည်။
မဟုတ်မမှန်သတင်းများ၊ လုပ်ကြံဖန်တီးမှုများ၊ ကောလာဟလထုတ်လွှင့်မှုများအပေါ် သတင်းအမှန်ထုတ်ပြန်ရှင်းလင်း အသိပေးမှုများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးလျက်ရှိစေကာမူ မြို့ရွာဒေသများအလိုက် ဖြစ်ပေါ်နေသည့် ကောလာဟလများကိုမူ ဟုတ်မဟုတ်၊ ဖြစ်နိုင်မဖြစ်နိုင် မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် လေ့လာဆန်းစစ်ကြရန်၊ ဆင်ခြင်သုံးသပ်ကြရန် လိုသည်။ မည်သည့်နေရာတွင် ပေါ်တာဆွဲနေသည်၊ လူဘယ်နှဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေမည်မျှပေးမှ ပြန်လွှတ်ပေးသည်၊ ပြည်ပထွက်ခွာခွင့်များ ပိတ်ပင်ကန့်သတ်လိုက်ပြီ၊ အဖမ်းအဆီးများကြောင့် မြို့တွင်းအသွားအလာ မရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည် စသည့် သတင်းတု သတင်းမှားများက မဆင်မခြင် ယုံကြည်တတ်ကြသူများအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ သတင်းများ ဖြစ်သွားကြသည်။ မိမိကိုယ်တိုင် စိုးရိမ်ထိတ်လန့်ရုံမျှမကတော့ဘဲ နီးစပ်ရာများဆီသို့ပါ ထပ်ဆင့်ဖြန့်ဝေခြင်းအားဖြင့် လုပ်ကြံဖန်တီးထားသည့် သတင်းမှားများမှာ ဆက်လက်ပျံ့နှံ့ သွားကြသည်။
အွန်လိုင်းပေါ်တွင်ရှိနေသည့် ပြည်ဖျက်လက်ဝေခံမီဒီယာများမှ ဖြန့်ဝေသည့် သတင်းများ၏ ၉၀ ရာခိုင်နှုန်းထက်မနည်းသည် သတင်းတုသတင်းမှားများသာဖြစ်ကြောင်း လေ့လာ ဆန်းစစ်တွေ့ရှိချက်များကို ပြီးခဲ့သည့်လအနည်းငယ်က သတင်းထုတ်ပြန်ပေးခဲ့သည်။ သို့ဖြစ်ရာ သတင်းပုဒ်ရေ ၁၀၀ လျှင် ၁၀ ပုဒ်မျှသာ ယုံကြည်ဖွယ်ရာရှိသည့် ပြည်ဖျက်မီဒီယာတို့၏ သတင်းတု သတင်းမှားများကြောင့် စိုးရိမ်သောကပူပန်နေကြမည့်အစား မိမိတို့၏ ဦးနှောက်များကို အလုပ်ပေးကြစေလိုသည်။ သတင်းအမှန်များကိုလည်း ဖတ်ရှုနားဆင်ကြစေလိုသည်။ တစ်ဆက်တည်းမှာပင် မိမိတို့၏ ပတ်ဝန်းကျင်ကို သတင်းများနှင့်ဆက်စပ်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြစေလိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း မိမိနိုင်ငံ၏ လိုအပ်ချက်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးကြသည့် ဥပဒေဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည့်အလျောက် နိုင်ငံအတွက် လိုအပ်လာသည့်အခါ အသက်အရွယ်မရွေးပင် စွမ်းနိုင်သမျှ ပါဝင်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်း စစ်ပညာသင်ကြားထားကြရန်လိုအပ်သလို ပြည်သူ့စစ်မဟာဗျူဟာကို နားလည်ထားကြရန်လည်း လိုသည်။ အလှည့်ကျ၍ စစ်မှုထမ်းဆောင်ကြရသည့်အခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် နိုင်ငံသားတာဝန်ကျေပွန်အောင် ထမ်းဆောင်ကြစမြဲဖြစ်သော်လည်း စစ်မှုမထမ်းလို၍ နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်ကြသူများမှာ နိုင်ငံတိုင်းမှာရော ခေတ်တိုင်းမှာပါ ရှိသည်။ ရှေးကပင် စစ်သံကြားပါက နာယောင်၊ ဖျားယောင် ဟန်ဆောင်ရေသာခိုသူများရှိသကဲ့သို့ စစ်သံကြားသည်နှင့် ဓားကို ပိုက်ကာ သေအတူရှင်မကွဲ၊ ရဲဖော်ရဲဖက်၊ အိုးစားဖက်ရှာကြသူ များစွာရှိခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာသက်ရောက်ပြီးနောက် အကောင်အထည်ဖော်မှုများ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် သတ်မှတ် အသက်အပိုင်းအခြားအတွင်း သင့်တင့်လျောက်ပတ်သည့် အင်အားသာလျှင် တာဝန်ထမ်းဆောင်စေရန် ချင့်ချိန်တွက်ချက် ဆောင်ရွက်နေခြင်းဖြစ်သည်။ အမျိုးသား စစ်မှုထမ်းစနစ်သည် အနာဂတ်ကာလတစ်လျှောက် ဆက်လက်တည်ရှိသွားမည်ဖြစ်သည့်အလျောက် အလှည့်ကျပါက ထမ်းဆောင်ကြရမည့် နိုင်ငံသားတာဝန်ဖြစ်သည်ဟု ခံယူကြရန်နှင့် ‘‘ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌” ဆိုသည့်အတိုင်း ရဲစွမ်းသတ္တိ ပြည့်ဝစွာဖြင့် ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်