Skip to main content

ဗလငါးတန်ဖြင့် နိုင်ငံအနာဂတ်တည်ဆောက်

ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲသော တိုင်းပြည်အနာဂတ်ကို တည်ဆောက်သည့်အခါတွင် ပညာကို အခြေခံသည့် ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြရသည်။ ဗလငါးတန်တွင် ဉာဏဗလဖြစ်သည့် ပညာတတ်လူငယ်များ စဉ်းစားချင့်ချိန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာများ တိုးပွားလာအောင် ဖန်တီးပေးကြရမည်ဖြစ်သည်။

ယနေ့ပညာသင်ကြားနေသော လူငယ်လူရွယ်များအကြားတွင် ဗလငါးတန် ပြည့်စုံကြွယ်ဝရေး လိုအပ်ချက်များ များစွာရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ များသောအားဖြင့် လူငယ်လူရွယ်များ အတန်းအောင်၊ ပညာတတ်၊ ထူးချွန်ထက်မြက်ရေးကိုသာ အလိုရှိကြကုန်ပြီး အတန်းအောင်၊ ပညာတတ်ရေးကိုသာ အားထုတ် လုံးပန်းကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ပညာတတ်မြောက် အတန်းပြီးမြောက်ကြသော်လည်း တိုင်းပြည်အနာဂတ်အတွက် အသိပညာဗဟုသုတနှင့် စဉ်းစားချင့်ချိန် သုံးသပ်နိုင်စွမ်းအားများ လိုအပ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အမှားအမှန်၊ အကောင်းအဆိုး ဆုံးဖြတ်နိုင်စွမ်းအားများလည်း လိုအပ်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပညာသည် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်၍ ကောင်းမွန်သောအနာဂတ်ဖြစ်အောင် ကြိုးပမ်း တည်ဆောက်နေသည်။

ပညာရေးတွင် အခြေခံပညာကျောင်းများသည် လူငယ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ နိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဖြင့် လျှောက်လှမ်းနေသောကာလတွင် အစိုးရပညာရေးကဏ္ဍသာမက ပုဂ္ဂလိကပညာရေးကဏ္ဍကပါ အားဖြည့် ဆောင်ရွက်ပေးလျက်ရှိသည်။ ပုဂ္ဂလိကပညာရေးကဏ္ဍတွင် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာရန်အတွက် ငွေကုန်ကြေးကျ အမြောက်အမြား အကုန်အကျခံကာ ပညာဆည်းပူးလျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍမှ ထူးချွန်ထက်မြက် သော လူသားအရင်းအမြစ်များ ပေါ်ထွက်လာသော်လည်း ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာရေး လိုအပ်ချက်များရှိနေသေးသည်။

နိုင်ငံတော်က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့က ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းပေးခဲ့သည်။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဥပဒေပြဋ္ဌာန်းပြီး နည်းဥပဒေများ မပြဋ္ဌာန်းနိုင်သေးမီ ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဥပဒေ၏ထူးခြားချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်စေရန်၊ နိုင်ငံတကာသင်ရိုးကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များ မဖြစ်မနေ သင်ကြားပေးရေးဖြစ်သည်။

အဆိုပါဘာသာရပ်များ တတ်မြောက်မှုကိုလည်း ပြန်လည်စစ်ဆေးသွား ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံတော်သီချင်းသီဆိုရေးနှင့် နိုင်ငံတော်အလံ အလေးပြုရေးတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူငယ်များအား ပညာသင်ကြားပေးရာ၌ ပုဂ္ဂလိကကဏ္ဍတွင် အဆိုပါအချက်များ အားနည်းနေသည်ကို တွေ့ရသည်။ ခေတ်ပေါ်နိုင်ငံတကာအကြိုက် သင်ကြားရေးနည်းလမ်းများကို ဆောင်ရွက်ရာ၌ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံပညာရပ်များကို ဦးစားပေးကြသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုတို့တွင် အဆိုပါဘာသာရပ်များမှာ များစွာအထောက်အကူပြုသော်လည်း မြန်မာနိုင်ငံအခြေအနေနှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ ဓလေ့စရိုက်များဘက်တွင်မူ အားနည်းနေသည်ကို တွေ့ရသည်။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေဖြင့် မိမိလူမျိုး၊ မိမိဘာသာစကားနှင့် မိမိလူမျိုး၏ သမိုင်းကြောင်းနှင့် ပထဝီဝင်အနေအထားများအကြောင်းကို သိရှိထားရန် လိုအပ်သည်။ ကျောင်းသားလူငယ်အများစုတွင် အင်္ဂလိပ်စာနှင့် သိပ္ပံပညာကို တတ်မြောက်ကြသော်လည်း မိမိတို့၏ကိုယ်ပိုင်စာပေ၊ သမိုင်းကြောင်းနှင့် ပထဝီတို့တွင် သိမြင်နားလည်ကြွယ်ဝမှု အားနည်းနေသည်ကို တွေ့ရသည်။ ပညာတတ်မြောက်ကြသော်လည်း အဆိုပါဘာသာရပ်များတွင် အားနည်းမှုများရှိသဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိမိလူမျိုးနှင့် တိုင်းပြည်အပေါ် တန်ဖိုးထားစိတ်များ အားနည်းနေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်နှင့် ပိုမိုတောက်ပြောင်သော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ဗလငါးတန်ပြည့်စုံပြီး မြန်မာနိုင်ငံကို တန်ဖိုးထားချစ်မြတ်နိုးသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်