Skip to main content

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး တောင်ယာမီး၊ တောမီးမရှို့ရန် တားဆီးပညာပေး

နှစ်စဉ် နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရသည်။ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူတို့အပေါ် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ (Transboundary Smoke) ကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတို့က ကြိုးပမ်းနေကြရသည်။

တောမီးလောင်ခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သည့် အမှုန်အမွှားများ Particulate Matter (PM 2.5 နှင့် PM 10) ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ်ဓာတ်ငွေ့များ ရောနှောပါဝင်လျက်ရှိ သည်။ နှစ်စဉ် တောင်ယာမီးရှို့ကြသည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြတ်ကျော်နေသည့် မီးခိုးမြူများ၊ ပြာမှုန်များ ရက်ရှည်ကြာစွာ ဖုံးလွှမ်းကျဆင်းမှုကြောင့် မျက်စိ စပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ခံစားကြရသည်။ မီးခိုးမြူငွေ့တွင် ပါဝင်သည့် ကာဗွန်မိုနောက်ဆိုဒ်သည် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ကြာမြင့်စွာရှူရှိုက်နေရပါက သေဆုံးသွားနိုင်သည်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်သည် နှာခေါင်းနှင့် လည်ချောင်းယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ရင်ဘတ်တစ်ဝိုက် တင်းကျပ်ခြင်း၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကို အချိန်ကြာကြာရှူနေရပါက ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်ကိုထိခိုက်စေခြင်း၊ ပန်းနာရင်ကျပ်ရှိသူများ ပိုမိုဆိုးရွားစေခြင်း၊ အရေပြားယားယံခြင်း၊ အလွန်သေးငယ်သည့်အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်သို့ရောက်ရှိကာ နှလုံးရောဂါနှင့် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်စေပြီး မြေပြင်အိုဇုန်းဓာတ်သည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖြစ်ပွားစေသည်။

မီးခိုးမြူများကြောင့် လူများ၏ ကျန်းမာရေးကိုသာမက ပတ်ဝန်းကျင်အခြေအနေများကိုလည်း ယိုယွင်းထိခိုက်စေနိုင်သည်။ မီးခိုးမြူများကျရောက်ခြင်းကြောင့် ယာဉ်များသွားလာမှု၊ လေယာဉ်များဆင်းသက်မှုတို့အပေါ် အန္တရာယ်ဖြစ်စေနိုင်သည်။ ကျောင်းများပိတ်ရခြင်း၊ စျေးများပိတ်ရခြင်းတို့ကြောင့် ပညာရေး၊ စီးပွားရေးတို့ ထိခိုက်နစ်နာရသည်။ သို့ဖြစ်ရာ တောင်ယာမီး၊ တောမီးတို့ကြောင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူများ မဖြစ်ပေါ်စေရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးတို့ကို နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အလျောက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ် မတ်လ ၅ ရက်က သဘောတူလက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါသဘောတူညီချက်အရ တောင်ယာမီးရှို့ခြင်း၊ တောမီး လောင်ခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ထိန်းချုပ်လျှော့ချနိုင်ရန် မြန်မာနိုင်ငံသူ နိုင်ငံသားများ၌ တာဝန်ရှိနေသည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ ဖြစ်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ အာရှမိုးလေဝသဌာန (ASMC) က စောင့်ကြည့်တိုင်းတာလျက်ရှိပြီး ဒေသတွင်း တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်း ဖြစ်ပေါ်သည့်နေရာများ (Hot Spots) ကို ထုတ်ပြန်လျက်ရှိသည်။ ယခုအခါ ခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ တောင်ယာမီး၊ တောမီးများ မရှို့စေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ခြင်းအားဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ် လျှော့ချကြရပါမည့်အကြောင်း။ ။