Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်များနှင့် Sea & Lake အပန်းဖြေစခန်း၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဒီရေတောတံတားနှင့် ခရီးသွားဧည့်သည်များ အပန်းဖြေအနားယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လေ့လာကြည့်ရှုသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ဟိုတယ်၌ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုသိမ်မြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် သဘောသဘာဝများ၊ ရည်ရွယ်ချက်များ၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်း၏အရေးပါမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ရွှေမု‌ဋ္ဌောဘုရားသို့ သွားရောက်ဖူးမြော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက် ခရီးသွားပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုသည်။

ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့် အတူ ချောင်းသာမြို့သို့ သွားရောက်၍ ချောင်းသာ ကမ်းခြေဒေသရှိ Azura Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

အစိုးရ-ပုဂ္ဂလိကအားလုံး ပူးပေါင်းဆောင်ရွက်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ချောင်းသာကမ်းခြေဒေသသည် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက်သည့် ဆွဲဆောင်မှုရှိသော ကမ်းခြေခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ခရီးသွား ဧည့်သည်များကိုဆွဲဆောင်နိုင်သော ခရီးသွားလှုပ်ရှားမှုများကိုဖန်တီး၍ ဈေးကွက်မြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသရှိအစိုးရ-ပုဂ္ဂလိက အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ထံလာရောက်သောဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်၊ ဝန်ကြီးဌာနမှ စီစဉ်ရေးဆွဲထားသော အစီအစဉ်များကို လိုက်ပါအကောင်အထည်ဖော်ကြရန်နှင့် ချောင်းသာ ကမ်းခြေခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချောင်းသာကမ်းခြေဒေသ ပတ်ဝန်းကျင်တွင် ခရီးစဉ်ဒေသများ ဖော်ထုတ်ထားရှိမှု၊ ဈေးကွက်မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ထုတ်ဆောင်ရွက် နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းသာကမ်းခြေဒေသရှိ New Chaung Tha Hotel သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်အတွင်း၊ အပြင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်