Skip to main content

မမှန်သတင်းများရှောင် တိုင်းပြည်အကျိုးဆောင်

မျက်မှောက်ကာလတွင် ဖြစ်ပေါ်လာသော အခြေအနေနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုး ပေါ်ထွက်နေသည်ကို ကြားသိကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကောလာဟလသတင်းစကားများအပေါ်အခြေခံပြီး စိုးရိမ်ပူပန်မှု အနည်းအများဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ တရားဝင်သတင်းစကားများကို စူးစမ်းလေ့လာ၍ ဆောင်ရွက်ကြသူများရှိသလို အချို့မှာ စိုးရိမ်ပူပန်စိတ်ဖြင့် လုပ်မှား၊ ကိုင်မှား ဖြစ်ခဲ့ကြသူများရှိသည်။

အမှန်တကယ်တွင် မည်သည့်အခါတွင်မဆို အခြေအနေအကြောင်းတစ်ရပ်ရပ် ဖြစ်ပေါ်လာတိုင်း သေချာစူးစမ်းလေ့လာဆောင်ရွက်ပြီးမှ လုပ်သင့်လုပ်ထိုက် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်တို့ကို လုပ်ကိုင်သင့်ပေသည်။ ယခုတစ်လော ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်စေရန် ပြဋ္ဌာန်းလိုက်သည်နှင့် တစ်ချိန်တည်းတွင် ပြည်သူလူထုကြား၌ ကောလာဟလအမျိုးမျိုး၊ သွေးထိုးလှုံ့ဆော်မှုအဖုံဖုံ ပေါ်ပေါက်လာသည်ကို တွေ့ကြရမည်ဖြစ်သည်။ ပြည်သူလူထု စိတ်ဝင်စားမှုနှင့်စိုးရိမ်ပူပန်မှု ရေချိန်အပေါ်မူတည်၍ သောင်းကျန်းသူများ၊ မသမာသူများနှင့် ပြည်ဖျက်မီဒီယာများက အချိန်ကိုက်လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်တွင်းရှိ လူငယ်လူရွယ်များ ပျောက်သွားသည်။ ဖမ်းဆီးခံရသည်။ ပေါ်တာဆွဲနေသည်။ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီ။ ချက်ချင်းရှေ့တန်းပို့သည်။ မလိုက်လိုသူ ငွေပေးရသည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြသည် စသည်ဖြင့် မဟုတ်မမှန် ကောလာဟလသတင်းများ ဆက်တိုက်ထုတ်လွှင့်နေကြသည်ကို ကြားသိနေရသည်။ ပွဲလန့်လျှင် ဖျာခင်းကြသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် သောင်းကျန်းသူအဖွဲ့အမျိုးမျိုးကလည်း အသိမှား၊ အတွေးမှားသည့် လူငယ်များကို စည်းရုံးဆွဲဆောင် လက်ယပ်ခေါ်နေကြသည်ကိုလည်း မြင်တွေ့ကြရမည် ဖြစ်သည်။

ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရာ၌ လိုရင်းအချက်ကိုသာ အကျဉ်းချုပ်ထုတ်ပြန်လေ့ရှိသည်။ တစ်ဆက်တည်းတွင် ဥပဒေ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရှင်းလင်းချက်၊ အသေးစိတ်နည်းဥပဒေအချက်အလက်များကို ဆက်လက်ထုတ်ပြန် အသိပေးလေ့ရှိသည်။ သို့သော် အများပြည်သူတို့အနေဖြင့် ကနဦးလိုရင်းထုတ်ပြန်ချက်နှင့် ချက်ချင်းပေါ်ထွက်လာသော ကောလာဟလ သတင်းစကားများအပေါ်မူတည်၍ လုပ်မှား၊ ကိုင်မှား၊ ပြောမှား၊ ဆိုမှားများဖြစ်လာခဲ့သည်။ နိုင်ငံတော်အနေဖြင့် ထုတ်ပြန်လိုက်သည့် ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ၊ တရားဝင် အသိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသော်လည်း လေ့လာစူးစမ်းမှုအားနည်းမှု ရှိနေသည်မှာ ထင်ရှားပေသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တရားဝင်ထုတ်ပြန် အသိပေးမှုများအပြင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးမှ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ဒေသခံပြည်သူများ သိလိုသောမေးခွန်းများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ဥပဒေနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ အချက်အလက်များအား လက်ကမ်းစာစောင်များဖြင့် ဖြန့််ဝေအသိပေးခြင်းစသည်တို့အား ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကြိုဆိုထောက်ခံရမည်ဖြစ်သလို စိုးရိမ်ပူပန်စရာလည်း ဖြစ်ရန်မလိုပေ။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ရန်တာဝန်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ခေတ် ကာလများကတည်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ “သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှာ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အသိပေးပြောကြားထားသည်။ သို့သော် ထုတ်ပြန်ထားသည့် ဥပဒေကို သေချာလေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းမှားများ၊ ထင်မြင်သုံးသပ်ချက်များ၊ ကောလာဟလသတင်းများအပေါ်တွင်အခြေခံ၍ သွေးထိုးလှုံ့ဆော်မှုများနှင့် နားယောင်မှုများရှိနေသည်ကို တွေ့ရသည်။

ယခုအခါ စစ်မှုထမ်းဟောင်းများက ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသူများရှိသလို စစ်မှုထမ်းဟောင်းမဟုတ်သော်လည်း တပ်မတော်တွင် ပါဝင်ထမ်းဆောင်လိုသည့်အတွက် ဆန္ဒပြုသူများလည်း များစွာရှိနေသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံသည့်၊ နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့် ပြည်သူများကိုလည်း ဒေသအလိုက်တွေ့မြင်နေရသည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသား စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံသားများ အဖွဲ့အစည်းစိတ်ဓာတ်၊ အဖွဲ့အစည်းဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ရရှိစေရန်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိအမြင်အမှန်များရရှိကြပြီး စိုးရိမ်ပူပန်မှုမဖြစ်စေရေး၊ ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တိုင်းပြည်၏အနာဂတ် လူငယ်လူရွယ်များအခန်းကဏ္ဍ မြင့်မားလာစေရေးအတွက် မဟုတ်မမှန် ကောလာဟလသတင်းစကားများကို နားမယောင်ဘဲ စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် မိမိအတွက်၊ တိုင်းပြည်အတွက် ကောင်းမွန်လာအောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။ ။