Skip to main content

အကြမ်းဖက်လုပ်ရပ်များ ညီညွတ်မှုဖြင့်ဆန့်ကျင်

ယမန်နှစ် နိုဝင်ဘာလအတွင်းက ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့်ကျောင်းဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပြန်လည်လွတ်မြောက်ခဲ့သည်။ ယခု တစ်ဖန် PDF အမည်ခံ အကြမ်းဖက်အင်အား ၁၀၀ ကျော်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးတက္ကသိုလ်ရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရုံးဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့နံနက်က PDF အမည်ခံအကြမ်းဖက်အင်အား ၁၀၀ ကျော်ခန့်သည် ကလေးတက္ကသိုလ်သို့ဝင်ရောက်ပြီး စာသင်ဆောင်များ၌ရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများကို ဖမ်းဆီးထားကြောင်း တာဝန်သိဝန်ထမ်းများက သတင်းပေးပို့လာသဖြင့် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရာ အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုများဖြစ်ပွားပြီး သောင်းကျန်းသူများ ထိခိုက်သေဆုံးကာ ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ရုံးဝန်ထမ်းစုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး အချို့ဝန်ထမ်း၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူတို့ကို သောင်းကျန်းသူများက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာအဆောက်အအုံများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရုံးဝန်ထမ်းများနှင့်မိသားစုဝင်များကို အကာအကွယ်ရယူပြီးတိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ထိုရာဇဝတ်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ရုံးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်အဖွဲ့ CRPH ၊ NUG ကြိုးကိုင်နေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ နိုင်ငံ၏အနာဂတ်ဖြစ်သည့် ပညာရေးကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်လျက်ရှိသည်။ နိုင်ငံအနာဂတ်၊ ပြည်သူများ၏အနာဂတ်အား နှောင့်ယှက်ဖျက်ဆီးသည့်လုပ်ရပ်ကို မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံကြချေ။

သို့သော် မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများ၏လက်ချက်ဖြင့် ထိခိုက်ပျက်စီးနေရသည့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာတော်များ၊ ဆရာဆရာမများ၏အဖြစ်ကို စာနာထောက်ထားကြောင်း၊ ကန့်ကွက်ရှုတ်ချကြောင်းပြသခြင်းကို မတွေ့ရပေ။ အထူးသဖြင့် ပြည်ပအခြေစိုက် မီဒီယာများက စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်၊ ကလေးတက္ကသိုလ်ကဲ့သို့ ပညာရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နှောင့်ယှက်ဖျက်ဆီးသည့်လုပ်ရပ်များအား မျက်ကွယ်ပြုဖုံးကွယ်ထားသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက်အမြဲတမ်းအဆိုးမြင်သည့် နိုင်ငံများနှင့်မီဒီယာများ၏ ရေငုံနှုတ်ပိတ်နေသည့်လုပ်ရပ်များမှာ အကြမ်းဖက်သမားများကို အားပေးထောက်ခံနေသည်မှာ ပေါ်လွင်နေပေသည်။

မည်သို့ပင်ဖြစ်စေ တိုင်းပြည်နှင့်လူမျိုးအချင်းချင်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ တိုင်းပြည်၏အနာဂတ်၊ လူမျိုး၏အနာဂတ်၊ ကလေးသူငယ်များ၏အနာဂတ် ပျက်စီးသည်ထက်ပျက်စီးအောင် လုပ်ဆောင်နေသည့် အဖျက်သမားများ၏ ရည်ရွယ်ချက်ကို အားလုံးကသိရှိပြီးဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံး၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရှုတ်ချကြရမည်ဖြစ်ပြီး အကြမ်းဖက်အဖျက်သမားများ၏လုပ်ရပ်များကို အားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။   ။