Skip to main content

အသိဉာဏ်ဆင်ခြင်တုံတရားဖြင့်ရှောင်ရှား

သတင်းအချက်အလက်နှင့် နည်းပညာခေတ်သည် လူသားများအတွက် ကောင်းကျိုးအမျိုးမျိုးတို့ကို အချိန်မကုန်၊ ငွေမကုန်၊ လူမပင်ပန်းဘဲ ချက်ချင်းလျင်မြန်စွာ ရရှိနေသောကာလဖြစ်သည်။ ထို့ကြောင့် မိမိတို့သိရှိလိုသည်များ၊ အသိပညာဗဟုသုတများ၊ လေ့လာသင်ယူမှုများ၊ မှတ်သားလိုက်နာစရာများကို လွယ်လင့်တကူ ရရှိနေပြီဖြစ်သည်။ ထိုသို့ ကောင်းကျိုးရလဒ်များနှင့်အတူ အလိမ်အညာလှည့်ဖြား အန္တရာယ်ရှိနိုင်မှုများလည်း အလွယ်တကူရှိနေသည်ကို သတိပြုကြရမည်ဖြစ်သည်။

အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နည်းပညာ စသည့်ကဏ္ဍပေါင်းစုံအမျိုးမျိုးတို့နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများစွာရှိပေသည်။ အလားတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာစသည်တို့နှင့်ပတ်သက်၍လည်း သတိပြုရှောင်ရှားဖွယ်ရာများရှိပေသည်။ ယင်းမှာ နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရသည့် နိုင်ငံရေးစာမျက်နှာများဖြစ်သည်။ ကျင့်ဝတ်ဖောက်ဖျက်သည့် မီဒီယာများနှင့် ပြည်ဖျက် မီဒီယာများ၏ ပုံကြီးချဲ့ကားသတင်းများ၊ ဘက်လိုက်သတင်းများ၊ မဟုတ်မမှန် လုပ်ကြံသတင်းများကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။

အခြားအန္တရာယ်များမှာ အွန်လိုင်းပေါ်၌ လိမ်ညာလှည့်ဖြားပြီး ဒုစရိုက်မှုများနှင့် မကောင်းမှုအမျိုးမျိုးတို့ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်မှု၊ လောင်းကစားမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု စသည့်အမှုမျိုးစုံတို့ ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အစိုးရနှင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအရ နယ်စပ်ဒေသများနှင့် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် ပြည်ပနိုင်ငံသားများနှင့် နိုင်ငံသားများ လုပ်ကိုင်ကြသည့် အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများအား ဖော်ထုတ်အရေးယူကာ လွှဲပြောင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၄၈၂ မှုရှိကြောင်းသိရသည်။ နိုင်ငံခြားသားများပါဝင်သည့် ငွေကြေးလိမ်လည်မှုများတွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် သားကောင်ကိုရှာဖွေပြီး ချိတ်ဆက်ရင်းနှီးမှုယူ၍ ကံထူးဆုမဲများ၊ တန်ဖိုးကြီးပစ္စည်းများ ပေးပို့ဟန်ဆောင်ပြီး ဆွဲဆောင်လိမ်လည်ခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါလိမ်လည်မှုမျိုးတွင်ပါဝင်သည့် နိုင်ဂျီးရီးယားနိုင်ငံသား ၂၃ ဦး၊ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၉ ဦးတို့ကို အရေးယူနိုင်ခဲ့သည်။ အလားတူ လောင်းကစားမှုတွင် ပါဝင်သည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်ပူးပေါင်းပြီး အရေးယူမှုများ၊ လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

၂၁ ရာစုအစောပိုင်းကာလတွင် ခေတ်မီနည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ ပြည်သူအများစုမှာလည်း နည်းပညာတိုးတက်မှုများနှင့်အတူ စီးမျောလိုက်ပါလျက်ရှိသည်။ လူမှုရေး၊ စီးပွားရေးကဏ္ဍတို့တွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် အွန်လိုင်းအသုံးပြုမှု များပြားလာသည်နှင့်အမျှ အွန်လိုင်းစနစ်၏ သတိပြုဖွယ်ရာများနှင့် လုံခြုံရေးစနစ်တို့ကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ တားဆီးကာကွယ်ရန်အတွက် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းပေါ်မှ ငွေရေးကြေးရေး လိမ်လည်မှုများကို ကာကွယ်တားဆီးနိုင်ရန်နှင့် အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လျဉ်းပြီး အများပြည်သူသို့ အသိပညာပေးရေးကိစ္စများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရမည့်အစီအစဉ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို အားလုံးပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ အွန်လိုင်းငွေရေးကြေးရေးနှင့်ပတ်သက်၍ တရားဝင်အသိအမှတ်ပြု လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး ညွှန်ကြားထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရသည်။ တရားဝင်အွန်လိုင်းငွေကြေး လုပ်ငန်းများနှင့်အတူ တရားမဝင်အွန်လိုင်းငွေကြေးလုပ်ငန်းများလည်း အများအပြားရှိလာသဖြင့် ပြည်သူများအနေဖြင့် သတိထားရှောင်ရှားနိုင်ရန်လိုအပ်သည်။

အဓိကမှာ အွန်လိုင်းပေါ်မှ လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ဆက်လက်ထွန်းကား နေခြင်းအကြောင်းသည် အသိအမြင်ဗဟုသုတများ နည်းပါးနေခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်က တရားဝင်ထုတ်ပြန်အသိပေးလျက်ရှိသည့် သတင်းများကို ဖတ်ရှုလေ့လာမှု အားနည်းလျက်ရှိသည်။ သို့ဖြစ်ရာ အွန်လိုင်းအသုံးပြုကြသည့် ပြည်သူများအနေဖြင့် မိမိတို့အတွက် အကျိုးရှိရာအကြောင်းကိစ္စများကို ရယူနိုင်ကြသည့်နည်းတူ အွန်လိုင်းပေါ်မှ အန္တရာယ်ရှိသောအမှုကိစ္စများကိုလည်း အသိပညာဗဟုသုတ၊ ဆင်ခြင်တုံတရားတို့ဖြင့် သတိထားရှောင်ရှားနိုင်ကြပါစေကြောင်း။