နေပြည်တော် မတ် ၃
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက်တိုင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကို ဆက်လက်ကျင်းပရာ တစ်နှစ်တာအတွင်း စံပြဆုနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ လိုင်းခန်းသန့်ရှင်းရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အကောင်းဆုံးဆုရရှိကြသော အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပြီး တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါကံစမ်းမဲ ဖောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်