မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စက်မှုကုန်ကြမ်းသီးနှံများတွင် ဝါသည်အရေးပါသည့် သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဝါသီးနှံစိုက်ပျိုးကြပြီး ဝါစိုက်ဧကငါးသိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ်ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်၍ နိုင်ငံလူဦးရေ သန်း ၅၀ ကျော်၏ ဝတ်ရေးအတွက်ဖူလုံမည်ဖြစ်သည်။
လူတို့၏ အရေးသုံးပါးဖြစ်သော စား၊ ဝတ်၊ နေရေးလိုအပ်ချက်တွင် မဖြစ်မနေလိုအပ်သည့် ဝတ်ရေးအတွက် ပြည်တွင်းထုတ်ချည်ထည်အမျိုးမျိုးနှင့် ပြည်ပမှ တင်သွင်းသည့် အဝတ်အထည်အမျိုးမျိုးကို အသုံးပြုကြသည်။ အမျိုးသား၊ အမျိုးသမီးဝတ်ဆင်သော ပုဆိုး၊ ထဘီအထည်များအတွက် ပြည်တွင်းထုတ်ကုန်များကို အများဆုံးအသုံးပြုကြပြီး အင်္ကျီအဝတ်အစားများကိုမူ ပြည်ပသွင်းကုန်များကို အများဆုံးအသုံးပြုကြသည်။ အမှန်တကယ်တွင် ပြည်တွင်းထုတ်ချည်ထည်များသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ဝတ်ဆင်ရကောင်းမွန်သည့် ချည်ထည်များဖြစ်သည်။ ပြည်တွင်းချည်ထည်များကို အသုံးပြုကြခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရလဒ်ကောင်းများရရှိမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့်အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးရေးညှိနှိုင်းအစည်းအဝေးတွင် ဝါသီးနှံအထွက်တိုးရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး မတ်လ ၇ ရက်နေ့ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် ဝါသီးနှံ၊ ချည်မျှင်နှင့်အထည်အလိပ်တို့နှင့်ပတ်သက်၍ အကျယ်တဝင့် လမ်းညွှန်မှာကြားခဲ့သည်။ တိုင်းပြည်စီးပွားတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲလမ်းညွှန်မှာကြားခဲ့သည့် ဝါသီးနှံအထွက်တိုးရေးနှင့် ချည်မျှင်နှင့်အထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံများ စိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိသေးပေ။ တစ်ချိန်သောကာလက ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်ရေးကို အလေးထားဆောင်ရွက်ခဲ့သော်လည်း စီမံခန့်ခွဲမှုနှင့်တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကြောင့် ဝါနှင့်ချည်ထည်လုပ်ငန်းများဖွံ့ဖြိုးရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိတွင် ဝါသီးနှံနှင့်ချည်မျှင်နှင့် အထည်လုပ်ငန်းများကို ပြန်လည်အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ လျာထားသည့် ဝါစိုက်ဧက ငါးသိန်းတွင် တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိပြီး ဝါကုန်ကြမ်းကို ချည်ထည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်သူတိုင်းအသုံးပြုနေသည့် ချည်ထည်များ ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
ဝါသီးနှံသည်အမြင်အားဖြင့် မဆန်းလှသော်လည်း အသုံးချမှုနှင့်အသုံးဝင်မှုတွင် ကျယ်ပြန့်လှပေသည်။ ဝါသီးနှံမှ ဝါဂွမ်း၊ ဝါဂွမ်းမှ ချည်မျှင်၊ ချည်မျှင်မှအထည် စသည့်လုပ်ငန်းအဆင့်ဆင့်တွင် လိုအပ်သည့်သွင်းအားစုများနှင့် နည်းစနစ်ပိုင်း ဆိုင်ရာတို့ကို ခေတ်မီနည်းလမ်းကျနဆောင်ရွက်ရန်လိုအပ်သည်။ ဘေးထွက်ပစ္စည်းဖြစ်သည့် ဝါစေ့ကို ဆီကြိတ်သည့်လုပ်ငန်းများတွင် ဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများလည်ပတ်လာပြီး ဆီလိုအပ်ချက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည်။ ထို့အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစားအစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ပြည်ပမှတင်သွင်းရသည့် နိုင်ငံခြားငွေ ကုန်ကျမှုလည်း လျော့နည်းသက်သာလာမည်ဖြစ်သည်။
ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည်စီးပွားရေးကို ကောင်းမွန်တိုးတက်လာအောင် အထောက်အကူပြုနိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ အထည်အလိပ်လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဝါအထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့်စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေရရှိရေးအတွက် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဝါများအား ကုန်ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းရက်ကန်းလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ၏နေ့စဉ်လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး အရေးသုံးပါးတွင် စားရေရိက္ခာဖူလုံရေးကို နိုင်ငံတော်က တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ဝတ်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ပြည်တွင်း၌ ချည်မျှင်ရှည်ဝါပန်းတိုင်အထွက်နှုန်း စိုက်ဧကပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ချည်မျှင်နှင့်အထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။