နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ တာဝန်ကျေပွန်မှုတို့ လိုအပ်သကဲ့သို့ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းကြရန်လည်းလိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတွင်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ကြရသူများဖြစ်သည်။
ဝန်ထမ်းသည် ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သည်နှင့်အညီ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် နိုင်ငံသားတိုင်းလိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အမိန့်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသကဲ့သို့ ဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းကမ်းတို့ကိုအလေးထား၍ လိုက်နာကျင့်သုံးရမည်ဖြစ်သည်ကို သတိပြုကြရန်လိုသည်။ နိုင်ငံ့ဝန်ထမ်းများ စောင့်ထိန်းရမည့်ကျင့်ဝတ်များတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်သူတို့၏အကျိုးစီးပွားကို အလေးထားဆောင်ရွက်ရန်၊ ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရန်၊ တာဝန်အရအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရန်၊ တရားသဖြင့် ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရန်စသည့်အချက်များလည်း ပါဝင်လျက်ရှိရာ အလေးထား လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားအလေးထားမှုများ မြင့်မားလာမည်ဖြစ်သည်။
ဝန်ထမ်းအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှုပြဿနာသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာအမြစ်တွယ်ပျံ့နှံ့လျက်ရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာရေး၊ ပြည်သူလူထုအတွင်း ကိုယ်စိတ်နှစ်ပါး ချမ်းသာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အထိ နယ်ပယ်ကဏ္ဍအသီးသီးတို့တွင် ဟန့်တားနှောင့်ယှက်မှုများ ဖြစ်ပေါ် လျက်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နိုင်ငံကို ပြန်လည်ထူထောင်ရာတွင် ဝန်ထမ်းများအတွင်း အဂတိ လိုက်စားမှုကင်းရှင်းရေးအတွက် ‘‘အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ’’ ကို ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းကာပြည်သူပိုင်ပစ္စည်းများ၊ ပြည်သူ့ဘဏ္ဍာငွေများနှင့် နိုင်ငံသားတို့၏အခွင့်အရေး၊ အကျိုးစီးပွားတို့ကိုကာကွယ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် ‘‘အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ’’ ကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၄ ခုနှစ်တွင် ‘‘အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်’’ နှင့် ကော်မရှင်ရုံးတို့ ပေါ်ပေါက် လာခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ၁၀ နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူလက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန်ရည်မှန်းချက်ဖြင့် အဂတိလိုက်စားမှုဆိုင်ရာ ပြည်သူပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ဘေးအန္တရာယ်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းစင်သည့် နိုင်ငံတော်ကိုတည်ဆောက်နိုင်ပါစေကြောင်း။ ။