နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက် အလက်များအား ရှင်းလင်းပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်း ၁၇ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၃၁၀ ဒသမ ၄၅၁ သန်း ကို ခွင့်ပြု/အတည်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၁၀၂ ဦးကို ဖန်တီးပေးမည်ဖြစ်ပါကြောင်း၊ ခွင့်ပြု ခဲ့သည့် လုပ်ငန်းများအနက် ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းအား ဆောင်ရွက်သွားမည့် ဟောင်ကောင်အခြေစိုက် CNTIC VPower KY3 Limited လည်း ပါဝင် ပါကြောင်း၊ အဆိုပါလုပ်ငန်းမှ လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၆၅၈ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ရာခိုင်နှုန်းပြည့် ပြည်တွင်း ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၂၀ ရာခိုင်နှုန်းအား ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများထံသို့ ဖြန့်ဖြူးမည် ဖြစ်ကာ ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်း ကို မဟာဓာတ်အားလိုင်းသို့ ဖြန့်ဖြူး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှု
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၄၆ ဒသမ ၉၄ သန်း ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ အမေရိကန် ဒေါ်လာ သန်း ၁၂၈ ဒသမ ၄၀၀ အပါ အဝင် ကျပ် ၇၁၆၄၅၁ ဒသမ ၂၈၄ သန်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများက သိရှိလိုသည် များကို မေးမြန်းကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မေးမြန်း ချက်များကို ပြန်လည်ဖြေကြားသည်။
ထုတ်လုပ်မှုကဏ္ဍ
၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားရှိ မှုမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၁၄ ဒသမ ၀၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
အဆိုပါ သတင်းမီဒီယာတွေ့ဆုံ ပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၁၀ ခုမှ သတင်းထောက် ၁၂ ဦး တက်ရောက်ခဲ့ကြပြီး သတင်း မှတ်တမ်းရယူခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်