နွေဦးရာသီ ယခုအချိန်ကာလတွင် ပုံမှန်နွေကာလထက် အပူချိန်ပိုမိုလွန်ကဲမည့် လက္ခဏာများကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကြောင်းမှာ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှု ပိုလာခြင်းဖြစ်သည်။ လက်ရှိတွင် နေ့ပူပြီး နံနက်/ည အအေးဓာတ်ရှိသဖြင့် အပူအအေးကွာခြားမှုအပြောင်းအလဲကြောင့် လူတို့၏ကျန်းမာရေးကို အထူးသတိပြုရမည်ဖြစ်သည်။
နွေကာလအတွင်း နေ့အပူချိန်များ တစ်စတစ်စ မြင့်မားလာမည်ဖြစ်ပြီး ယခုမတ်လတွင် မြန်မာနိုင်ငံဒေသအချို့၌ ပျမ်းမျှအပူချိန်ထက် ၁ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်လျက်ရှိသည်။ နွေရာသီကာလ အပူချိန်မြင့်မားမှုသည် တစ်နှစ်ထက်တစ်နှစ် ဆက်တိုက်မြင့်မားလျက်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကာလကထက် အပူချိန် ငါးဆကျော်မြင့်မားလာသည်။ အပူချိန်မြင့်မားသော မန္တလေးမြို့၌ မကြာသေးမီက မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။
ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ် ၁၇၀၀ နီးပါးဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၅ ဘီလီယံကျော် ရှိခဲ့ပြီး သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရသူ ၁၉၃ ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မီးလောင်မှုဖြစ်စဉ်များတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၂၃၂ ကြိမ်လောင်ကျွမ်းခဲ့ပြီး ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်ဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ်ဖြင့် တတိယအများဆုံး မီးလောင်ခဲ့သည်။ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လတာကာလအတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၂၉၁ ကြိမ် ဖြစ်ခဲ့သည်။
မီးလောင်မှုများဖြစ်ပွားရာတွင် လူတို့၏ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားရခြင်း နည်းပါးလာပြီး တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံမီးများ လောင်ကျွမ်းမှုပိုလာသည်။ ထို့ပြင် မော်တော်ယာဉ်မီးလောင်မှုများလည်း ရှိခဲ့သည်။ မီးလောင်ကျွမ်းမှုတွင် လောင်စာဆီများ အမြဲအသင့်ရှိသည့်ယာဉ်များ မတော်တဆမှုကြောင့် မီးလောင်မှုမှာ သတိပြုဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းတွင်ပါ ပူပြင်းသောနွေရာသီကာလ၌ အလိုအလျောက် မီးလောင်တတ်သော တောမီး၊ အမှိုက်မီးလောင်ကျွမ်းမှုများမှာ အထူးသတိပြုဖွယ်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် တောမီးလောင်မှုများ နှစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ သစ်တောသစ်ပင် ဧကများစွာ၊ မြို့ပြအဆောက်အအုံများ၊ ကျေးလက်နေအိမ်များ၊ လူနှင့်တိရစ္ဆာန်များ များစွာသေကျေပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည်။ ၂၀၂၃ ခုနှစ်က ကနေဒါနိုင်ငံတွင် တောမီးလောင်မှုကြောင့် သစ်တောဆုံးရှုံးမှု စံချိန်တင်မြင့်မားခဲ့ပြီး သမိုင်းတစ်လျှောက်တွင် အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့သည် တောမီးလောင်မှုအဖြစ်အများဆုံးနိုင်ငံများအဖြစ် စံချိန်တင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းတွင် တောမီးလောင်မှုသည် အဓိကအကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နွေရာသီကာလ၌ သစ်တောများထက် တောတောင်များတွင် တောမီးလောင်မှုများ အများဆုံးတွေ့ရတတ်သည်။ တောမီးများကြောင့် လူနေအဆောက်အအုံများ ဆုံးရှုံးမှုနည်းပါးလှသည်။ သစ်ပင်သစ်တောများနှင့် စိမ်းလန်းနေသော တောတောင်များသည် နွေရာသီကာလတွင် တောမီးလောင်ကျွမ်းမှုကြောင့် တောင်ကတုံးများ ဖြစ်ကြရသည်။ မိုးတွင်းကာလ အားယူပေါက်ရောက်လာသော သစ်ဝါးပျိုးပင်များသည် နွေရာသီကာလ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည်။ နွေရာသီကာလ၌ တောတောင်များတွင် မီးသွေးဖန်တီးသူများကြောင့် တောမီးလောင်မှုများ ဖြစ်လာရသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ လူတို့၏ နေထိုင်မှုစနစ် ပြောင်းလဲလာမှုနှင့် အသိပညာဗဟုသုတ မြင့်မားလာမှုကြောင့် မြို့ပြများတွင် မီးလောင်မှုနည်းသွားသော်လည်း တောမီးလောင်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာကာကွယ်မှုအတွက် တောမီးကို အထူးသတိပြုရမည်ဖြစ်သည်။ တောတောင်၊ သစ်တောများနှင့်နီးစပ်သော ကျေးရွာများအနေဖြင့် နွေရာသီကာလတွင် မီးတားလမ်းများ ဖောက်လုပ်ထားခြင်း၊ မြက်ခြောက်၊ သစ်ခြောက်နေရာများတွင် ဆေးလိပ်တိုများ စည်းကမ်းမဲ့ သတိမမူလွှင့်ပစ်ခြင်းကို ရှောင်ရှားခြင်း၊ အမှိုက်မီးရှို့လျှင် လုံးဝမီးငြှိမ်းသတ်နိုင်အောင် ဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း၊ တောမီးရှို့သူများကို ပညာပေးခြင်း၊ အရေးယူခြင်းစသည်ဖြင့် တားဆီးကာကွယ်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။ မြို့ပြများအနေဖြင့် လျှပ်စစ်သုံးစွဲမှု၊ လောင်စာဆီထားရှိမှု၊ မီးလောင်လွယ်သောပစ္စည်းများ ထားရှိမှုတို့ကို ကြိုတင်သတိပြု ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုနှစ်နွေရာသီကာလတွင် အပူရှိန်ပြင်းထန်မှုနှင့်အတူ အယ်လ်နီညို ဖြစ်စဉ်ဖြစ်ပွားနေ၍ ပူပြင်းခြောက်သွေ့မှု ကြီးကြီးမားမားဖြစ်လာနိုင်ရာ လူတို့နှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သော သစ်ပင်၊ နေအိမ်အဆောက်အအုံ၊ ယာဉ်များ မီးလောင်ကျွမ်းမှုမဖြစ်ပွားအောင် သတိပြုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။ ။