နေပြည်တော် မတ် ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး သွေးကြောသွင်း ဆေးရည်များထုတ်လုပ်မှု၊ ဆေးဝါးများ ထုတ်လုပ်ရာတွင် လိုအပ်သည့် အထောက်အကူပြုအလုပ်ရုံများ၊ ကုန်ကြမ်းသိုလှောင်ရုံများနှင့် စက်ရုံနေ့ကလေးထိန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးဝါးများထုတ်လုပ်ပေးခဲ့မှုနှင့် ထုတ်လုပ်ပေးရန် ကျန်ရှိနေမှုအခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်စွမ်းအားအရ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ လိမ်းဆေး၊ ဆေးမှုန့်၊ ကာကွယ်ကုသဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး၊ လက်သန့်ဆေးရည်နှင့် သွားတိုက်ဆေးတို့ ထုတ်လုပ်နိုင်မှုအခြေအနေကို အခြေခံ၍ စနစ်တကျတွက်ချက်ရန်၊ ဆေးဝါးများတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို လက်တွေ့ကျကျ ရေးဆွဲဆောင်ရွက်ရန်၊ ထို့ပြင် စက်ပစ္စည်းများ စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေးအတွက် လူ၊ ကုန်ကြမ်း၊ စက်ပစ္စည်း၊ နည်းစဉ်၊ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးထိန်းသိမ်းခြင်း စသည်တို့ကို အသေးစိတ်တွက်ချက်ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ ယုဇနဆီအုန်းစက်ရုံသို့ ရောက်ရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် စက်ရုံအား စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းဖြစ်၍ ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဆီအထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သော သွင်းအားစုများကို အပြည့်အဝဖြည့်ဆည်းပေးရန်၊ စက်မှုဝန်ကြီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်ရှိ အဆင့်တိုင်းတွင် စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ စားအုန်းဆီသန့်များ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
