နေပြည်တော် မတ် ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောမီးလောင်ကျွမ်းမှုသည် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ရေခန်းခြောက်ပြီး မြေအရည်အသွေးကျဆင်းခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည့်အပြင် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းပြီး လူသားများ၏ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေခုနစ်သန်းခန့် သေဆုံးနေကြောင်း၊ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် တောမီးလောင်ကျွမ်းမှုကာကွယ် ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေးစွန့်ပစ်အမှိုက်များကိုမီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းအား အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုး အသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဖြတ်ကျော်မီးခိုး မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး၊ တောမီးအန္တရာယ်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသောမီးလောင်မှု Fire Hotspot များ လျှော့ချနိုင်ရန်အတွက် ခရိုင်အလိုက် ဖွဲ့စည်းပေးထားသော မီးလောင်ကျွမ်းမှုကာကွယ်ထိန်းချုပ်ရေးကော်မတီများက မိမိတို့ ခရိုင်/မြို့နယ်အတွင်း တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်တားဆီးနိုင် ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မိုင်းယောင်းခရိုင် မိုင်းယုမြို့ရှိ ဓာတ်သတ္တုလုပ်ကွက်များသို့လည်းကောင်း၊ မိုင်းယုကြိုးဝိုင်း အကွက်အမှတ် (၁၅)အတွင်း စိုက်ပျိုးထားသော ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ၁၅ ဧကကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မိုင်းဖြတ်မြို့နယ်ရှိ ကျွန်းသစ်စေ့ထုတ်ဧရိယာငါးဧကကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ တည်ထောင်စိုက်ပျိုးရာတွင် အောင်မြင်မှုရရှိနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် ကျွန်းသစ်စေ့များရရှိရေးသည် အရေးကြီးသည့်အတွက် သစ်စေ့ထုတ်ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် မှာကြားသည်။
ယင်းနောက် မိုင်းဖြတ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
