နေပြည်တော် မတ် ၁၂
မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစားပြုပြင်ခြင်းဆိုင်ရာ နည်းပညာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နည်းပညာဟောပြောမည့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်မောင်းများအပါအဝင် အရာထမ်း၊အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိကိုယ်ပိုင်ယာဉ်၊ ဌာနပိုင်ယာဉ်များ၏ အသေးစားပြုပြင်မှုများကို မိမိတို့ကိုယ်တိုင် မှန်ကန်မြန်ဆန်စွာပြုပြင်နိုင်ခြင်းဖြင့် ယာဉ်ပျက်စီးမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ခြိုးခြံချွေတာနိုင်မည်ဖြစ်ပါကြောင်း၊ ဤဟောပြောပွဲမှ မိမိတို့ဝန်ထမ်းတစ်ဦးချင်းစီ အသိပညာဗဟုသုတများ များစွာရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံဘဏ္ဍာရန်ပုံငွေများဖြင့် ကျခံဆောင်ရွက်ထားသည့် မော်တော်ယာဉ်များဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်၊ အန္တရာယ်ကင်းစေရန်၊ မိမိတို့ကိုယ်တိုင် ယာဉ်နှင့် စက်ကိရိယာများအကြောင်းသိရှိပြီး စနစ်တကျထိန်းသိမ်းတတ် စေရန်ရည်ရွယ်၍ ဟောပြောပွဲကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယာဉ်မောင်းများနှင့် ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပြင် မော်တော်ယာဉ်နှင့်ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များအားသိရှိနားလည် သဘောပေါက်ကြမှသာ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပါကြောင်း၊ ယာဉ်မောင်းများအနေဖြင့် မိမိမော်တော်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်ရုံသာမက ယာဉ်နှင့်ပတ်သက်ပြီးဖွဲ့စည်းတည်ဆောက်မှု၊ လည်ပတ်အသုံးပြုမှုစနစ်များကို သိရှိရန်လည်းလိုပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များ ခေါ်ယူပြီး နည်းပညာဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျွမ်းကျင်ပညာရှင်များက မော်တော်ယာဉ်ဆိုင်ရာအခြေခံဖွဲ့စည်းပုံ၊ တာယာအကြောင်းသိကောင်းစရာများ၊ အင်ဂျင်အခြေခံသဘောတရားများနှင့် တည်ဆောက်ပုံ၊ ချောဆီ၊ အင်ဂျင်ဝိုင်စစ်ဆေးလဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်းများ၊ မော်တော်ယာဉ်စနှိုးစနစ်နှင့် မော်တော်ယာဉ်အခြေခံလျှပ်စစ်ထိန်းချုပ်မှုစနစ်များစသည်တို့နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
