Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ကာ တက္ကသိုလ်ဝင်းအတွင်း ကြည့်ရှုစစ်ဆေး

မန္တလေး မတ် ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်၌ ကျင်းပသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေစီမံကိန်း ၂၀၂၁ ဖြင့် ဆောင်ရွက်လျက်ရှိသော စွန့်ပစ်ပစ္စည်း ပြန်လည်လည်ပတ်အသုံးချမှုနည်းပညာဆိုင်ရာ သုတေသီများတွေ့ဆုံပွဲနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးသို့တက်ရောက်ရာ မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သုတေသီများက စိတ်ပါဝင်စားစွာဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးကနိုင်ငံတော်နှင့်ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ဖော်ဆောင်တည်ဆောက်ရာတွင် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် သုတေသနရလဒ်များရရှိစေရေး ဆက်စပ်ဌာန/ အဖွဲ့အစည်းများနှင့် မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများနှင့် လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဘာသာရပ်နှင့် သင်တန်းနှစ်တို့အလိုက် အေးချမ်းပျော်ရွှင်စွာသင်ကြား၊ သင်ယူလျက်ရှိကြသော ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးပြီးလိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို လေးစားလိုက်နာကြရင်း ပြည်သူများ၏ အကျိုးစီးပွားအတွက် အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့်အင်ဂျင်နီယာများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းတွင်းအဆောင်များရှိ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသားဘဝတန်ဖိုးရှိသော အချိန်များကိုအကျိုးရှိစွာအသုံးချကြရန်၊ ပြည်သူများကအမှန်တကယ်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်အင်ဂျင်နီယာ နိုင်ငံ့လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားကြောင်းသိရသည်။

သတင်းစဉ်